ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုကို စနစ်တကျစီမံကြီးကြပ်ဆောင်ရွက်လျက်ရှိ




နေပြည်တော် စက်တင်ဘာ ၁၆

မြန်မာ့မီးရထား၊ ဦးဆောင် ညွှန်ကြားရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင်းဘူတာ အထိမွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်းဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတား အမှတ် (၆၉၁) ၏ ပေ (၄၀) သံဘောင် (၇) ခုအနက် (၄) ခု ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံ ၂ ဘက်ရှိ သံဘောင်များသာ ကျန်ရှိသည့် အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စက်ယန္တရားများအသုံးပြု၍ တံတားအားအမြန်ဆုံး ပြန်လည်စစ်ဆေးပြုပြင်နိုင်ရေး မှာကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး နှင့် ရှမ်းပြည်တောင်ပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းတို့တွင် ရထားလမ်း တာဘောင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှုလုပ်ငန်းများ ထိခိုက်လျက်ရှိရာ ရထားများ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား မှ သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.