ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၁) ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ ထွန်းထွန်းမြင့်အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာဇံအား ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၄၁ (တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ရာ ၎င်း၏ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၁) ရပ်ကွက် စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။



ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက် အရ စက်တင်ဘာ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ (ခ) အဒူရ်မူန နှင့် ဇော်မင်းနိုင် (ခ) အင်မရန်း တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.