လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ



ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၇) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဉီးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဉီး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဉီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသားများက နေပြည်တော်ရှိ နဝရတ်ခန်းမမှ Online ဖြင့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖြစ်သဖြင့် အရည်အချင်း ပြည့်မီသော ပညာရှင်များအဖြစ် ရပ်တည်ဆောင်ရွက်နိုင်စေရန်အတွက် ပညာရပ်ဆိုင်ရာများ၊ အသိပညာ ဗဟုသုတများကို လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် အလုပ်သင်ဆင်းခြင်းမှတစ်ဆင့် အတွေ့အကြုံများ ရရှိစေရန် ဆက်လက်သင်ယူသွားကြရမည်ဖြစ်ကြောင်း၊ Professional အဆင့်ဖြစ်သည့် အားလျော်စွာ ရှိသင့်ရှိထိုက်သည့် Professional Skills များပါ ပြည့်စုံနေစေရန်အတွက် လုပ်ငန်းဝန်းကျင်နှင့် နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကို လိုက်ပါသိရှိထားရန် လိုအပ်သည့်အပြင် နိုင်ငံတကာတွင် ကျင့်သုံးနေမှုများကိုလည်း Knowledge Gap မဖြစ်စေရေး မျက်ခြည်မပြတ် လေ့လာနေရန်နှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ကျင့်ဝတ်စံနှုန်းများနှင့်အညီ လိုက်နာကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်မှအားထားရသည့် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်သိက္ခာ မြင့်မားသော စာရင်းပညာရှင်များအဖြစ် ရပ်တည်ဆောင်ရွက်နိုင် စေရေးအတွက် ယခုသင်တန်းမှ သင်ကြားပို့ချမှုများကို အလေးထား လေ့လာသင်ယူခြင်းဖြင့် ရည်မှန်းချက်များ ပြည့်မြောက်စေရေး ကြိုးစားကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၀၂၅ ခုနှစ် ဩဂုတ်အထိ Online ဖြင့် ၁၀ လကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

No comments

Powered by Blogger.