ရေဘေးရှောင်စခန်းရှိ ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး



တောင်ငူ စက်တင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း (၉၃)ခု၊ အိမ်ထောင်စု (၁၄၅၆၈)၊ လူဦးရေ (၅၈၂၄၀)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကွဲမှုအဖွဲ့မှ ကြီးကြပ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဆန်၊ ဆီ၊ ကြက်ဥ၊ ထမင်းဟင်းနှင့် စားသောက်ဖွယ်များ၊ အဝတ်အထည်များ ဖြန့်ခွဲလှူဒါန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့၏ စီစဉ်မှုဖြင့် ဖက်ထမင်းထုပ်များဝေငှပေးခြင်း၊ သောက်သုံးရေကားဖြင့် သောက်သုံးရေ စီစဉ်ဆောင်ရွက်ပေးခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ကျင်းများ တူးဖော်ပေးခြင်းနှင့် အများသုံးမိလ္လာများ စီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကလည်း ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးရှောင်စခန်းများ၌ အမှိုက်များသိမ်းဆည်းပေးခြင်းနှင့် ထမင်းများအား ဖက်နှင့်ထုပ်ပေးနိုင်ရေးအတွက် အင်ဖက်များဖြန့်ဝေပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်ကိုကို(တောင်ငူ)



No comments

Powered by Blogger.