စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီတို့အကြား ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
နေပြည်တော်
စက်တင်ဘာ ၁၈
သတ္တမအကြိမ်
ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery
Forum & Seafood Expo Russia) သို့ တက်ရောက်ရန် စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး
ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီတို့အကြား ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီး. ဒေါက်တာအောင်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီ
(ကိုယ်စား) အကြီးအကဲ Mr. Ilya V. Shestakov တို့သည် သက်ရှိအဏ္ဏဝါအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းခြင်း၊
နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ငါးလုပ်ငန်းဆိုင်ရာ သတင်းနှင့် အချက်အလက်များ လဲလှယ်ခြင်း၊
ငါးလုပ်ငန်းကဏ္ဍအတွင်းရှိ ဆက်စပ်သူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် သင်တန်းများပေးခြင်း၊
ငါးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံဖလှယ်ရန် ကျွမ်းကျင်သူများစေလွှတ်ခြင်း၊ စီးပွားရေးကဏ္ဍ
ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာကို
လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကာ
စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ
နားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ရက်တွင် စိန့်ပီတာစဘတ်မြို့၌ ကျင်းပဆောင်ရွက်ခဲ့သည့်
(၅)ကြိမ်မြောက် နိုင်ငံတကာ ငါးလုပ်ငန်းဖိုရမ်နှင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာနှင့်နည်းပညာဆိုင်ရာ
ကုန်စည်ပြပွဲတွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့မှုအရ လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက်ကိုကိုးကား၍ သက်ရှိ အဏ္ဏဝါအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းခြင်း၊
ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်းနှင့် လျော်ကန်စွာသုံးစွဲနိုင်ရေးဆိုင်ရာ
ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ရည်ရွယ်၍ စာချုပ်ဝင်
တစ်ဖက်ချင်းစီအတွက် အပြန်အလှန် အကျိုးအမြတ်ရရှိစေမည့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်
ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် သတ္တမကြိမ်မြောက် နိုင်ငံတကာ ငါးလုပ်ငန်းဖိုရမ်နှင့် ငါးဖမ်းလုပ်ငန်း၊
ပင်လယ်စာနှင့် နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာကြကြောင်း
သိရသည်။
သတင်းစဉ်
No comments