ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ ရေဘေးရှောင် ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး



နေပြည်တော်၊ စက်တင်ဘာ ၁၅


အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင် သဘာဝဘေးကွပ်ကဲမှုရုံး ဖွင့်လှစ် ထားသည့် သာသနာ့ဗိမာန်၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူမှုကူညီရေး အသင်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကို ထပ်ဆင့်အသိပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေဆံတော်ဘုရား အောင်မင်္ဂလာခန်းမတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်ဆက်နွယ်သည့် အသိပညာများပြည့်စုံရန် လိုအပ်သဖြင့် အချင်းချင်းလက်ဆင့်ကမ်း ပြောကြားကြစေလိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် စုပေါင်း ညီညာစွာဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့မှုအတိုင်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ နေ့စဉ်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် စဉ်ဆောက်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ခြင်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကလေးငယ်များအတွက် မုန့်များထောက်ပံ့ပေးနေမှု၊ ချက်ပြုတ်ကျွေးမွေးသည့် နေရာများ၊ သောက်ရေ၊ သုံးရေ စီစဉ်ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေမှုတို့ကို စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။ 


၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) စုမှ အိမ်ထောင်စု (၂၀၀၀၀) ကျော်၊ လူဦးရေ (၈၇၀၀၀) ကျော် ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးရှောင်စခန်း (၁၀၀) နှင့် ဆွေမျိုးများနေအိမ်များသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ အသက်အန္တရာယ် ထိခိုက်သူမရှိကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရတို့က နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီလျက်ရှိသည်။


ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) နှင့်ဇနီး ဒေါ်မြမြစန်းမိသားစုက ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူး (၃၀၀) လှူဒါန်းခဲ့ကြောင်းနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဒေါက်တာအေးခိုင်ညွန့် မိသားစုတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက်နှင့် လှေခွင်းတောင် တောင်ခြေကယ်ဆယ်ရေး စခန်းတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် မာမီးမွန်းစတားအသင့်စား ပါကင် ၁၈၀ ၊ မာမီးခေါက်ဆွဲထုတ် (၃၀) ထုတ်ပါ (၁၂) ဖာ၊ အအေးဘူး (၂၀၄) ဘူး၊ VIgo အသင့်စားကွေကာ (၂၄) ပါကင်ပါ (၂) ဖာ၊ ထမင်းဟင်းဘူး (၃၀၀) တို့ကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထာရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.