ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (တံတားဦး) သို့သွားရောက်ပြီး ရေဘေးဒဏ်ကြောင့် ကျောင်းအုတ်တံတိုင်းပြိုကျ ပျက်စီးခဲ့မှု၊ စာသင်ခန်းများအတွင်း ရေဝင်ရောက်နေမှု၊ စာသင်ဆောင်နှင့် ကျောင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကျောက်ချက်)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (အိုင်စောက်) နှင့် လယ်ဝေးမြို့နယ် ပေါက်မြိုင်ရွာ အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်၍ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေနစ်မြုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းအတွင်း ရေများ အလုံးအရင်း ဝင်ရောက်ခဲ့မှု၊ ရေနှင့်အတူ အမှိုက်ဒိုက်၊ သဲနုန်းများ ကျောင်းအတွင်း ဝင်ရောက်ခဲ့နှင့် ကျောင်း၏ ထိခိုက်ပျက်စီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး သင်ကြားရေးလုပ်ငန်းများ အမြန်ပြန်လည် စတင်နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments