ပုဂံအလှ ရသစုံပုံရိပ် ဓာတ်ပုံပြပွဲ ဖွင့်လှစ်ပြသ
ရန်ကုန် စက်တင်ဘာ
၁၆
မြန်မာ့ယဉ်ကျေးမှု
အမွေအနှစ်တို့စုဝေးရာ ပုဂံဒေသ၏ သဘာဝအလှကို ကြည့်ရှုခံစားနိုင်ရန် ပုဂံဌာနေ ဓာတ်ပုံဆရာများ
စုပေါင်း၍ ‘ပုဂံအလှ ရသစုံပုံရိပ် ဓာတ်ပုံပြပွဲ’ ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ ဗဟန်းမြို့နယ်
ရွှေဂုံတိုင်လမ်း အမှတ်(၂၇၁)၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
ပြပွဲကို ပုဂံယဉ်ကျေးမှုနယ်မြေအလှကို
ပိုမိုသိရှိပြီး ပုဂံကိုမရောက်ဖူးသေးသော ပြည်တွင်း၊
ပြည်ပခရီးသွားများ ပိုမိုသိရှိ လာရောက်လည်ပတ် ကြည့်ရှုခံစားနိုင်ရန်၊
ပြပွဲမှပုံများကို ကြည့်ရှုမှုဖြင့် ပုဂံယဉ်ကျေးမှုနယ်မြေသို့
ကိုယ်တိုင်ရောက်ရှိသွားသည့်ပမာ ခံစားနိုင်ရန် ရည်ရွယ်၍ ပြသရာ ဓာတ်ပုံပြပွဲရှိ
ပုဂံဒေသရှိ စေတီပုထိုးများ၊ ဆည်းဆာအလှနှင့်
အညာကျေးလက်သဘာဝအလှ ဓာတ်ပုံများကို ဓာတ်ပုံဝါသနာရှင်များက
အထူးစိတ်ဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသည်။
ဓာတ်ပုံပြပွဲကို ဓာတ်ပုံဆရာ ငါးဦးက စုစည်းပြသခြင်းဖြစ်ပြီး နံနက် ၉
နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
“ယခုပြသတဲ့
ပုဂံယဉ်ကျေးမှုနယ်မြေက ဌာနေဓာတ်ပုံဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို
ပထမဆုံးအကြိမ်ပြသတဲ့ပွဲပါ။ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုရဖူးတဲ့သူတွေလည်း ပါပါတယ်။
ပုဂံဒေသဟာ ရှေးဟောင်းအမွေအနှစ်စုံလင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပြီးတော့
အာဆီယံမှာဆိုရင် ပုဂံဒေသလို စေတီပုထိုးထောင်ချီရှိတဲ့
ရှေးဟောင်းယဉ်ကျေးမှုမရှိပါဘူး။ ပုဂံဒေသ သီးသန့်ဓာတ်ပုံပြပွဲဆိုတာ မရှိခဲ့ဘူး။ မျိုးဆက်သစ် လူငယ်တွေ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို
ချစ်မြတ်နိုးတဲ့စိတ်တွေ ပေါ်ထွန်းလာအောင် ပြသတဲ့ပွဲလည်း ဖြစ်ပါတယ်”ဟု ပြပွဲမှ ဓာတ်ပုံဝါသနာရှင်
ဦးမောင်မောင်မြင့်က ပြောသည်။
သစ္စာ(MNA)၊
ဓာတ်ပုံ- ဇွဲမာန်
No comments