စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ
နေပြည်တော် စက်တင်ဘာလ ၁၇
အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားအဆင့် အရည်သွေးအခြေခံ အဆောက် အအုံ ခိုင်မာအားကောင်းစေခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေးနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ပေးသော စံချိန်စံညွှန်းများထွက်ပေါ်လာရေး၊ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက် ထုတ်ပေးနိုင်ရေး၊ စံချိန်စံညွှန်းများကို လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးတို့ ဆွေးနွေးညှိနှိုင်းရန်အတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တင်ပြအတည် ပြုချက်ရယူမည့် အများပြည်သူသဘောထားမှတ်ချက်ရယူထားပြီးဖြစ်သော စံချိန်စံညွှန်းများ၊ စံချိန်စံညွှန်းများကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် Soft Copy ဖြင့်ရောင်းချနိုင်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များက ဆပ်ကော်မတီအလိုက် အဆိုပြုတင်ပြထားသည့် စံချိန် စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် အများပြည်သူသဘောထားမှတ်ချက်များရ ယူဆောင်ရွက်ခဲ့ပြီးဖြစ်သော မြန်မာစံချိန်စံညွှန်းမူကြမ်း အကျဉ်းချုပ်များ၊ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် အသင်းများမှ ကိုယ်စားလှယ်များ က ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါလုပ်ငန်းကော်မတီအစည်းအဝေးမှ ဆွေးနွေးအတည်ပြုခဲ့သော စံချိန်စံညွှန်းမူကြမ်း (၇၀)ကို မြန်မာ စံချိန်စံညွှန်းများအဖြစ် ချမှတ်အတည်ပြုနိုင်ရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments