ဒုတိယဝန်ကြီး ဦးရဲတင့် ရေကြီးရေလျှံမှုကြောင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအတွင်း ရေဝင်ရောက်နေမှုနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ငူခရိုင်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အင်ဂျင်နီယာချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအတွင်း ရေဝင်ရောက်မှုကြောင့် စက်ပစ္စည်းများ နစ်မြုပ်နေမှုအခြေအနေနှင့် ရေမဝင်ရောက်မီ အရေးကြီးပစ္စည်းများ ဘေးကင်းရာသို့ ကြိုတင်ပြောင်းရွေ့ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေပြန်လည်ကျဆင်းပါက စက်ပစ္စည်းများ ပြန်လည်စစ်ဆေးပြုပြင်ကာ သုံးနိုင်မသုံးနိုင်စိစစ်၍ ရုပ်သံထုတ်လွှင့်မှုကို အမြန်ပြန်လည် ထုတ်လွှင့်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံတွင်း ပစ္စည်းများ ပျောက်ဆုံးမှုများ မရှိစေရေး နေ့ညလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်နှင့် လုပ်ငန်းဆိုင်ရာတို့ကို မှာကြား၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးသတင်းများ ရယူပေးပို့ရေး၊ မကြာမီဆောင်ရွက်မည့် မြန်မာတစ်နိုင်ငံလုံးလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ကိစ္စရပ်များတွင် ပြည်သူများအား အသိပညာပေးမှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
သတင်းစဉ်
No comments