ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ဘောရစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား



ဘရာတီဆလာဗာ စက်တင်ဘာ ၁၆

 

ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ဘောရစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ပြီး ဒေသခံအများအပြား ထိခိုက် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ရိုမေးနီးယားနိုင်ငံတွင် လေးဦးသေဆုံးခဲ့ပြီး ဩစတြီးယားနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် မီးသတ်သမား တစ်ဦးသေဆုံးခဲ့သည်။ ချက်သမ္မတနိုင်ငံတွင်လည်း     မိုးအဆက်မပြတ်ရွာသွန်းရာမှ မြစ်ကမ်းပါးများကို  ရေတိုက်စားခဲ့သဖြင့်  မြစ်ချောင်းများအနီးရှိ   ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုတိုက်ခတ်ခဲ့သည့် ဘောရစ်မုန်တိုင်းကြောင့် ဩစတြီးယား နိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ပိုလန် နိုင်ငံတို့တွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့သည်။ ဘောရစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ချက်သမ္မတနိုင်ငံအပါအဝင် ဥရောပဒေသတွင်းရှိ တံတားများ၊ လူနေအိမ်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။

 

ချက်သမ္မတနိုင်ငံတောင်ပိုင်းလက်ပိုဗာလန်ဇီဒေသ၌ ဘောရစ်မုန်တိုင်းတိုက်ခတ်ရာမှ ရေကြီးရေလျှံမှုဖြစ်ပွားကာဆည်တစ်ခု ကျိုးပေါက်ခဲ့သဖြင့် ဆည်အောက်ရှိမြို့ရွာများအား  ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။ ချက်သမ္မတနိုင်ငံရှိ နိုင်ငံသားများအား သဘာဝဘေးဆိုင်ရာ သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များက တိုက်တွန်းခဲ့သည်။

 

ပိုလန်နိုင်ငံရှိ အဝေးပြေးလမ်းမကြီးများ၌ ဘောရစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် သွားလာမှုများ ပြတ်တောက်ခဲ့ရပြီး ပရစ်နစ်နှင့်နိုက်ဆာမြို့များအကြား ရထားပြေးဆွဲမှုများ အပါအဝင် ရထားလိုင်းများစွာကို ရပ်ဆိုင်းထားခဲ့ရသည်။

 

ပိုလန်နိုင်ငံ ကလိုကိုမြို့တွင် ဘောရစ်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ခဲ့သည်။

 

ဩစတြီးယားနိုင်ငံရှိ ဗီယင်နာမြစ်နှင့် ပိုလန်နိုင်ငံရှိ ဘီလာမြစ်တို့တွင် မြစ်ရေအခြေအနေသည် စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့သည်။

 

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဩစတြီးယားနိုင်ငံ အောက်ပိုင်းအားသဘာဝဘေး အန္တရာယ်ဆိုင်ရာဒေသအဖြစ် ကြေညာခဲ့ပြီး ယမန်နေ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွကခဲ့သည်။ ရိုမေးနီးယားနိုင်ငံရှိ ဂါလက်မြို့တွင် အိမ်ခြေ ၅၀၀၀ခန့်ထိခိုက်ပျက်စီးခဲ့ပြီး ဆလိုဗက် ကီးယားနိုင်ငံမြို့တော် ဘရာတီဆလာဗာတွင် သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

 

ကိုးကား- အယ်လ်ဂျာဇီးယား

ဘာသာပြန် - စိုးသူရ

 

No comments

Powered by Blogger.