နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်အပါအဝင် အခြေခံအဆောက်အအုံနှင့်လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

 


နေပြည်တော် စက်တင်ဘာ  ၁၆

 

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏အရှိန်ကြောင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက် မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည် တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ အတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စား ပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အအုံ၊ စာသင်ကျောင်း၊ အခြားအဆောက်အအုံများ ရေဝင် နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင် လူနေ အိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေး ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ တို့ကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကြွ စွာ ဆောင်ရွက်ပေးလျက်ရှိသည်။


 

ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၈၄ မြို့နယ်တို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ အခြေခံအဆောက်အအုံ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက်အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀၊ ဘာသာ ရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ် မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ တိရစ္ဆာန် မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင် နစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 


No comments

Powered by Blogger.