ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်သာမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသော PDF အမည်ခံ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၆  

 

မန္တလေး တိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံ အကြမ်းဖက်     သမားများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အအုံများအား  မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့်  အကြမ်းဖက်  အဖျက်အမှောင့် လုပ်ငန်းများ ကို လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဒေသခံပြည်သူလူထုက  ရွံရှာမုန်းတီးလျက်ရှိပြီး တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး  (Counter– Terrorism Operation)  ဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများ၏  သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ် သာယာကြီးကျေးရွာအနီး ခိုအောင်း လှုပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူများကို စနစ်တကျ ချီတက်ရှင်းလင်းခဲ့သည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ သာယာကြီးကျေးရွာ၏ မြောက်ဘက်ခြမ်း ကျေးရွာစာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်းတိုက်ဝန်းကျင်၌ အင်အားစုဖွဲ့ အခြေပြုလျက်ရှိသည့် ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် ပစ္စတိုတစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခုကို သိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်၍ ထိတွေ့မှုဖြစ်ပွားသော နေရာတစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသော မော်တော်ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်းတစ်လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီးခြောက်လုံး၊ အသေးငါးလုံး၊ စနက်တံ အခု ၂၀ ၊ ၅.၅၆ မမကျည် အတောင့် ၁၄၀ နှင့်  ဝိုင်ယာကြိုးနှစ်ခွေတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း  အသေးစိတ် ဆက်လက်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းမှစ၍ တောင်သာ၊ နွားထိုးကြီး နှင့် မြင်းခြံဒေသပတ်ဝန်းကျင်ရှိ အကြမ်းဖက်အဖွဲ့များ စုစည်းသည့် အင်အားစုဖြင့် ရွာတောင်ဘက်ခြမ်း၌ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။


 


အကြမ်းဖက်အဖွဲ့များသည် နီးစပ်ရာစုစည်း၍ အင်အားများထပ်မံဖြည့်တင်း တုံ့ပြန်လာသည့်အတွက် လေကြောင်းပစ်ကူရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင်ပြီးဆုံးခဲ့သည်။  ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံး ဒဏ်ရာအများအပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့် အနောက်ဘက်များသို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားပြီး မိမိလုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

တပ်မတော် စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ ယုံကြည်စွာ သတင်းပေးမှုအပေါ် အရေးယူ ဆောင်ရွက်လာခြင်းကြောင့် ဒေသခံကျေးရွာသူ ကျေးရွာသားများက ဝမ်းမြောက် ကျေးဇူးတင်ကြလျက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ အပြည့်အဝပူးပေါင်းကူညီဆောင်ရွက်လျက် ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မတရားနှိပ်စက် ညှဉ်းပန်း၍ ဆက်ကြေးကောက်၊ လူသတ်၊ ပြန်ပေးဆွဲလုပ်ရပ်များ ခံစားရသည့် ကျေးရွာများသို့ ကိုယ်တိုင်သတင်း ဖော်ထုတ်၍လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ဒေသခံရွာသူ၊ ရွာသားများထံမှ သတင်းရရှိမှုအပေါ်မူတည်လျက် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်မှုပြဋ္ဌာန်းချက်ပါအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

 

သတင်းစဉ်






 


No comments

Powered by Blogger.