ကမ္ဘာ့ဖွံ့ဖြိုးဆဲမိသားစုများ၏အသံ အမှန်အတိုင်းကြားသိနိုင်မည့်အခွင့်အလမ်း



ကမ္ဘာ့မီဒီယာများ၏အစသည် သတင်းစာကဖြစ်၍ သတင်းစာများ၏ အစသည် ၁၇ ရာစုကာလ ဥရောပကဖြစ်သည်။ သတင်းစာလုပ်ငန်း စဦးတီထွင်ခဲ့သည့် ဥရောပနိုင်ငံတို့ ကမ္ဘာအရပ်ရပ်တွင် နယ်ချဲ့ကြသည့်အခါ ၎င်းတို့ရောက်လေရာရာတွင် သတင်းစာလုပ်ငန်းများပျံ့နှံ့ခဲ့ပြီး ဝါဒ ဖြန့်ချိရာတွင်လည်း ကောင်းစွာအသုံးပြုခဲ့ကြသည်။ နှစ်ပေါင်း ၅၀၀ ခန့်ကြာအောင် ကမ္ဘာ့မီဒီယာ လောကကို လွှမ်းမိုးချုပ်ကိုင်ဦး‌ဆောင်နိုင်ခဲ့သည့် အနောက်အုပ်စု နိုင်ငံတို့သည် ၎င်းတို့ပိုင် အင်အားကြီး မီဒီယာများမှတစ်ဆင့် ကမ္ဘာကို ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်ပုံဖော်ခဲ့ကြသည်။

 

စင်စစ်ကမ္ဘာ့စနစ်ကြီးတစ်ခုလုံး၊ ကမ္ဘာ့အစီအစဉ်ကြီးတစ်ခုလုံးတွင် အနောက်အုပ်စုတို့ ခေတ်အဆက်ဆက် လွှမ်းမိုးခြယ်လှယ်ခဲ့ရာတွင် အနောက်မီဒီယာတို့၏ အခန်းကဏ္ဍမှာ ကြီးမားသည်။ သတင်းအတတ်ပညာ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် အဘက်ဘက်တွင် သာလွန်မှု၊ အင်အားကြီးမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းကိုလည်း ဩဇာလွှမ်းမိုးသည်။ အနောက်အုပ်စု မီဒီယာတို့ ရေးသားဖော်ပြထုတ်လွှင့်မှုများကို အနောက်နိုင်ငံသားတို့ နေရာယူထားသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများကလည်း မခြွင်းမချန် အမှန်တရားအဖြစ် လက်ခံကြသည်။ မြန်မာနိုင်ငံကဲ့သို့သော အဘက်ဘက်က အားနည်းလှသည့် နိုင်ငံငယ်မျိုးမှာ အနောက်တိုင်းမီဒီယာတို့၏ဒဏ်ကို ဘုရင်များ လက်ထက်မှသည် မျက်မှောက်ခေတ်တိုင် ကျောကော့နေအောင်ခံရသည်။ သို့ရာတွင် ခံသာခံနေရသည် အသံပြန်၍မထွက်နိုင်။ အမှန်တရားသည် ဤသို့ပါဟူ၍ မည်သို့ပင်တုံ့ပြန်စေကာမူ ကမ္ဘာက မသိ။ အနောက်မီဒီယာတို့၏ ပုံဖော်မှုအောက်တွင် သီပေါမင်းသည် သေသောက်ကျူးသည့် အရက်မူးသမားကြီးဖြစ်ခဲ့ဖူးသကဲ့သို့ အကြမ်း ဖက်သမားတို့လည်း ဟီးရိုးဖြစ်နေဆဲဖြစ်သည်။

 

ကမ္ဘာ့ဝင်ရိုးပြောင်းလဲလာသည့် မျက်မှောက်ကာလတွင် နည်းပညာအသစ်များ ဖြစ်ထွန်းလာမှုနှင့်အတူ ကမ္ဘာ့မီဒီယာအရွေ့ ဖြစ်ပေါ်လာမည့် အလားအလာများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စုက ကြိုးကိုင်ခြယ်လှယ်နေသည့် ကမ္ဘာ့စနစ်မှာ အပြောင်းအလဲများ စတင်နေပြီဖြစ်ရာ မီဒီယာအင်အားကြီး တစ်ဖက်သတ် လွှမ်းမိုးမှုမှာလည်း လှိုင်းထိပ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ကမ္ဘာ့စင်မြင့်ထက်တွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ တစ်ဖက်စောင်းနင်းဖြစ်နေသည့် အနေအထားမှသည် မျှခြေတစ်ခုဆီသို့ ပြောင်းလဲနေပြီဖြစ်သလို မီဒီယာနည်းလမ်းဖြင့် ထင်တိုင်းကြဲအနိုင်ကျင့်နေမှုများမှာလည်း ဖယ်ရှားရန်ကြိုးပမ်းမှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ကမ္ဘာ့မီဒီယာအရွေ့ကို တစ်စတစ်စ အင်အားကြီးထွားလာနေသည့် BRICS အဖွဲ့ကြီးက အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး BRICS Media Summit ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၇) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ ဝင်ရိုးစုံကမ္ဘာဖြစ်လာသည်နှင့်အမျှ ကမ္ဘာ့မီဒီယာသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ လူ့အသိုက်အဝန်းကြီးတစ်ခုလုံး သာယာဝပြောရေးဆီသို့ ဦးတည်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးကို လိုသလိုပုံသွင်းမှု၊ အုပ်စုခွဲခြားဖိနှိပ်မှု၊ မီဒီယာအနိုင်ကျင့်မှု များကို ဖယ်ရှားကြရမည်ဖြစ်သည်။

 

ရုရှားနိုင်ငံ မော်စကိုမြို့တွင် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တွင် ကျင်းပသည့် BRICS Media Summit သို့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်‌ရောက်လျက်ရှိရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာတွင် ကမ္ဘာတစ်လွှား သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို နိုင်ငံအချင်းချင်း ပူးပေါင်းလက်တွဲဖြေရှင်းကြရန်၊ အချင်းချင်းညီညွတ်စည်းလုံးကြရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး “BRICS ၏ ရလဒ်တစ်ခုဖြစ်သော Innovation Diary ဆိုသည့် Internet Webpage တစ်ခုသည် ကမ္ဘာ့ ဖွံ့ဖြိုးဆဲမိသားစုများ၏အသံ တစ်စုတစ်စည်းပေါ်ထွက်ရာ စင်္ကြံ တစ်ခုအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း။ ထည့်သွင်းပြောကြား ခဲ့သည်။

 

လက်ရှိအခြေအနေတွင် လူဦးရေစုစုပေါင်း ၃ ဒသမ ၂၄ ဘီလီယံ၊ ကမ္ဘာ့စီးပွားရေး၏ ၂၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် BRICS နိုင်ငံ တို့မှာ ဝင်ရိုးစုံကမ္ဘာ၏ အင်အားစုတစ်ခုအဖြစ် ကြီးထွားလာလျက် ရှိနေပြီး ဖိနှိပ်ခံကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ တိမ်မြုပ်ပျောက်ကွယ်နေသည့် အသံတို့ ကမ္ဘာက ကြားသိနိုင်ရန် နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်စွာ ဖော်ဆောင်နိုင်မည့် မီဒီယာအခွင့်အလမ်းများ ပေါ်ထွန်း လာမည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း

No comments

Powered by Blogger.