ဒုတိယဝန်ကြီး ဦးဝင်းဖေ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပျော်ဘွယ်ဘုရားငါးဆူလမ်းနှင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံလမ်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းနှင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံလမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများ ကြည့်ရှု့စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်-ဘုရားငါးဆူ လမ်းပိုင်းဖြစ်သည့် မိုင်တိုင်အမှတ်(၁၀/၀)နှင့် (၁၀/၃)ကြားရှိ လမ်းတာဘောင်ရေတိုက်စားခြင်းကို ကျောက်ရော မြေဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မိုင်အတိုင်အမှတ် (၂၈/၄)နှင့် (၂၈/၅) ကြားရှိ မြေသားတာဘောင်ပဲ့ကျနေမှုကို လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ဒုတိယဝန်ကြီး က လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရေး ပြုပြင်ဆောင်ရွက်ရန် ကျန်ရှိသောနေရာ များတွင် စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျ စီမံခန့်ခွဲ၍ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းဖြစ်သည့် မိုင်တိုင်အမှတ်(၄၀/၀-၄၀/၃) ကတ္တရာလမ်းသားပဲ့ကျနေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ်(၄၅/၃-၄၅/၄)ကြား ရေကျော် သဖြင့် လမ်းပေါ်တွင် တင်ကျန်နေသည့် ရွံ့နှုံးမြေများ စက်၊ ယာဉ်၊ ယန္တရားများဖြင့် ဖယ်ရှားနေမှုနှင့် မိုင်တိုင်အမှတ်(၄၇/၁-၄၇/၃)ကြား မြစ်ဆုံကွေ့တွင် ရေတိုက်စားပြီး အကျယ် (၁၄)ပေ၊ အလျားပေ(၃၀၀)၊ လမ်းတာဘောင်နှင့် ကတ္တရာလမ်းသားပဲ့ကျနေမှုကို လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းဘေးရှိ ချောင်းအတွင်း ကျောက်နံရံစီမြေဖို့ပြီး ကျူးကျော်ထားခြင်းကြောင့် ချောင်းရေစီးကြောင်း ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ပြီး ကျူးကျော်များကို ဖယ်ရှားရှင်းလင်းရန်နှင့် လိုအပ်သည်များကိုမှာ ကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိုင်တိုင်အမှတ်(၅၄/၄-၅၄/၅)ကြား အကျယ်(၁၂) ပေ၊ အလျားပေ(၆၀၀) လမ်းသားပဲ့ကျနေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ်(၅၇/၆)တွင် ရေတိုက်စားသဖြင့် ဖြစ်ပေါ်ခဲ့သည့်ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ်(၆၂/၂-၆၂/၃)ကြား မြေထိန်းနံရံတည်ဆောက်ထားရှိမှုကို လည်းကောင်း၊ မိုင် တိုင်အမှတ်(၆၆/၀)တွင် ကျောက်ရောမြေဖို့၍ ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကလောမြို့အဝင် မိုင်တိုင်အမှတ်(၇၁/၁-၇၁/၃)ကြား နှစ်ထပ်လမ်း အောက်ဖက်အခြမ်း ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လမ်းပျက်စီးမှုနှင့် တောင်ပြိုမှုများကို အမြန်ဆုံးဖယ်ရှားရန်၊ လမ်းဘေးဝဲ၊ ယာရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်ထားရန်၊ လမ်းညွှန်အမှတ်အသားများကို သတ်မှတ်ထားသည့် အင်္ဂါရပ်များအတိုင်း စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် လမ်းပြတ်တောက်မှု မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments