ရေဘေးသင့် ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS- Satpura (F-48) ရန်ကုန်မြို့သို့ ရောက်ရှိ
ရန်ကုန် စက်တင်ဘာ ၁၈
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာ သော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS - Satpura (F - 48) သည် ယမန်နေ့မွန်းလွဲပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ) MITT သို့ ရောက်ရှိရာ တပ်မတော် (ရေ)မှ အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးနှင့် သီလဝါဆိပ်ကမ်းတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
အဆိုပါ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ပွဲကို သီလဝါဆိပ်ကမ်း၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Abhay Thakur က ကူညီထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လှည့်လည်ကြည့်ရှုကြသည်။
ကူညီကယ်ဆယ်ရေးပစ္စည်းနှင့် စားသောက်ဖွယ်ရာများမှာ ပုံးတစ်ပုံးလျှင် လူ (၁၀၀) စာ (၇) ရက်ထောက်ပံ့ပေးနိုင်သည့် ပမာဏပါဝင်သော (ခေါက်ဆွဲ ခြောက်၊ ဘီစကစ်၊ ပဲ၊ စည်သွပ်ဗူး) စသည့်အစားအစာများ ပါဝင်သည့်ပုံး -၂၄ ပုံး၊ အဝတ်အစား များ ပါဝင်သည့် ပုံး - ၁၁ ပုံး၊ ဆေးဝါးများပါဝင်သည့် ပုံး - ၆ ပုံး ၊ တာပေါ်လင်၊ ယာယီတဲ၊ ဓာတ်မီး၊ ဆပ်ပြာ၊ ဓာတ်ဆီ စသည့်အရေးပေါ်သုံး ပစ္စည်းများပါဝင်သည့်ပုံး - ၁၆ ပုံး စုစုပေါင်း - ၅၇ ပုံး ပါရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိစေရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)
No comments