စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း




နေပြည်တော် စက်တင်ဘာ ၁၅


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် လှေခွင်းတောင်သာသနာ့နယ်မြေရှိ ဓမ္မာရုံ၌ ရေဘေးသင့်ခဲ့သည့် ဇေယျာသီရီမြို့နယ်ရှိ ညောင်ပင်ကြီး ရွာ၊ ချောင်းကမ်းကြီးရွာ၊ ရွာသစ်ကြီးရွာ၊ စည်ပင်ကြီးရွာ၊ စည်ပင်သာယာရွာ၊ ကန်ဦးရွာ၊ ဝက်စုရွာ၊ ကျည်တောင်ကန်ကျေးရွာတို့မှ ပြည်သူ (၃၅၀၀) နှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေ နေမှုကို ကြည့်ရှုသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေဘေးသင့်ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သည့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရေး၊ သောက်သုံးရေများ အပြည့်အဝရရှိရေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြီး လိုအပ်ချက်များကိုလည်း ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။ 



ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် (၂၁,၃၅၀,၀၀၀) (နှစ်ရာတစ်ဆယ့်သုံးသိန်းငါး သောင်း) တန်းဖိုးရှိ အဝတ်အထည်၊ စောင်၊ ဆန်၊ ဆီ၊ ဆေးဝါး၊ ဓာတ်ဆားထုပ်များ၊ အစား အသောက်များ၊ အသုံးအဆောင်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား အလှူရှင်များနှင့် ပရဟိတ အသင်း၊ အဖွဲ့များ၏ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်


No comments

Powered by Blogger.