ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်၊ စက်တင်ဘာ ၁၅


ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။ 


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့် အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံအဖွဲ့အစည်းများနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅) အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျုဟာစီမံကိန်း (၂၀၂၀-၂၀၂၄) အရ ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ တရားမျှတမှုကဏ္ဍတွင် ဆက်စပ်သက်ဆိုင်သူများအကြား ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက တင်ပြစာများကို စနစ်တကျ စိစစ်အ‌ရေးယူ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။


တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ဥပဒေ (မူကြမ်း) များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများရှိ ဥပဒေအရာရှိများကလည်း ဥပဒေ (မူကြမ်း) စိစစ်ခြင်း လုပ်ငန်းစဉ်များကို နှံ့စပ်စွာ လေ့လာထားရန် လိုအပ်ကြောင်း။ 


ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေ အရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြဖို့လည်းအထူး အရေးကြီးကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းသည် “လူတိုင်းတွင် ဥပဒေအသိပညာ ရှိသင့်သည်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ  ဥပဒေရေးရာဝန်ကြီးဌာန က အလေးထား ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့်အနေဖြင့်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ 


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ တင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ညွှန်ကြား‌ရေးမှူးချုပ်များက    ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

သတင်းစဉ်


No comments

Powered by Blogger.