တော်သလင်းလပြည့်နေ့ ဂရုဓမ္မသီလဆောက်တည်


 

လူတိုင်းလူတိုင်း လိုက်နာစောင့်ထိန်းအပ်သော အကျင့်တရားမှာ ငါးပါးသီလဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ အများဆုံးယုံကြည်ကိုးကွယ် ဆည်းကပ်သောနိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင် အပေါင်းတို့ လိုက်နာစောင့်ထိန်းကြသော ငါးပါးသီလသည် ဂရုဓမ္မသီလပင်ဖြစ်သည်။ အမျိုးကောင်းသား သူတော်ကောင်းအပေါင်းတို့ အရေးတယူဂရုတစိုက် ကျင့်သုံးကြသောသီလဖြစ်၍ ဂရုဓမ္မသီလဟု ခေါ်တွင်ခြင်း ဖြစ်သည်။

 

မြတ်စွာဘုရားရှင် ပါရမီဖြည့်စဉ် ဘဝဟောင်းတစ်ခုတွင် ကုရုတိုင်းသားတို့ စောင့်ထိန်းကြသော သီလဖြစ်သောကြောင့်   ကုရုဓမ္မ၊   ဂရုဓမ္မသီလဟု   ခေါ်ဆို လာခြင်းဖြစ်သည်။ ဘုရားအလောင်း ဓနဉ္စယမင်းကြီး အုပ်ချုပ်သော ကုရုတိုင်းတွင် မင်းနှင့်တကွ ပြည်သူပြည်သားအားလုံး ဂရုဓမ္မသီလစောင့်ထိန်းကြသဖြင့် စားမှု၊ နေမှုမှအစ သာယာဝပြောခဲ့သည်။ ထိုစဉ်က ကလိင်္ဂတိုင်း၌ မိုးခေါင်၍ ပြည်သူအများ စားဝတ်နေရေး ကျပ်တည်းကာ   ဒုက္ခမျိုးစုံရောက်ကြသည်။  ဓနဉ္စယမင်းကြီးက ကလိင်္ဂတိုင်းမှ မင်းနှင့်တကွ  ပြည်သူအားလုံး ဂရုဓမ္မသီလကို လိုက်နာစောင့်ထိန်း ကြရန် လမ်းညွှန်ခဲ့သည်ကို   လိုက်နာဆောင်ရွက်ခဲ့ကြသဖြင့်  ကလိင်္ဂတိုင်းတွင် မိုးလေဝသမှန်ကန်ပြီး စားရေရိက္ခာပြည့်စုံကာ အေးချမ်းသာယာလာခဲ့သည်။

 

ဂရုဓမ္မသီလ စောင့်ထိန်းရန်အတွက် ဘုရားအလောင်း ဓနဉ္စယမင်းကြီး တိုက်တွန်းချိန်သည် မိုးတွင်းကာလ ဖြစ်သည်။ ထိုအချက်ကို အလေးအမြတ်ထား၍ မြန်မာပြည်တွင် ဝါတွင်းသုံးလအပါအဝင်ဖြစ်သည့် မိုးတွင်းကာလ တော်သလင်းလအတွက် ဘာသာရေးအထိမ်းအမှတ် အခါတော်နေ့အဖြစ် ဂရုဓမ္မအခါတော်နေ့ကို သတ်မှတ်ကျင်းပလေ့ရှိသည်။ ရှေးမြန်မာဘုရင်တို့သည် မြတ်ဗုဒ္ဓဟောကြားသည့် ရာဇအပရိဟာနိယမတရား ခုနစ်ပါးနှင့်အညီ တိုင်းပြည်ကိုအုပ်ချုပ်ကြသည်။ ထိုတရားတော်၌ ရှေးမင်းအစဉ်အဆက် လိုက်နာကျင့်သုံး အပ်သော ထုံးတမ်းအစဉ် အလာများကို မပယ်ဖျက်ရ၊ လိုက်နာကျင့်သုံးရမည့် တာဝန်ရှိသည်ဟု ပါရှိသည်။

 

ထို့ကြောင့် မင်းတုန်းမင်းကြီးလက်ထက်အထိ ကျင်းပခဲ့သော ဂရုဓမ္မအခါတော်နေ့ကို ကုန်းဘောင် နောက်ဆုံးမင်းဆက် သားတော် သီပေါမင်းလက်ထက်တိုင် ကျင်းပခဲ့သည်။ ဂရုဓမ္မအခါတော်နေ့သည် တော်သလင်းလပြည့် အခါတော်နေ့ သက်သက်မဟုတ်ပေ။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လတို့၏ ဘာသာရေးဆိုင်ရာ အခါတော်နေ့ သို့မဟုတ် ဝါတွင်းကာလ အခါတော်နေ့အဖြစ် ထူးခြားစွာကျင်းပခဲ့ကြောင်း တွေ့ရသည်။ ဂရုဓမ္မအမိန့်တော်ကို နှစ်စဉ်ဝါဆိုလဆန်း ၁ ရက်နေ့တွင် ဘုရင်မင်းမြတ်က အမိန့် ထုတ်ပြန်ပြီးနောက် ရွှေပြည်တော် မြို့တွင်း မြို့ပြင်မကျန် အရပ်ရပ်ပြည်သူများသိစေရန် ဝါဆိုလဆန်း ၅ ရက်နေ့တွင် လှည့်လည်ကြေညာသည်။

 

“ပြည်သူလူတကာ သတ္တဝါအပေါင်းတို့ ယခုဝါဆိုလရောက်ပြီ။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ရာပြစ်မှားခြင်း၊ မဟုတ်မမှန်သောစကားကိုဆိုခြင်း၊ သေရည်သေရက်ကိုသောက်ခြင်း တရားငါးပါးကို မကြဉ်မရှောင်ပြုကုန် သောသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ၌ တလူး လာလာ နစ်မွန်းကုန်ရရှာသည်။ ဤတရားငါးပါးကို ရှောင်ကြဉ်၍ အလှူပေးခြင်း၊ သီတင်းသီလဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း၊ နတ်မင်းစည်းစိမ်ကို ခံစားရ၍ နတ်ရွာနိဗ္ဗာန်ချမ်းသာသို့ ရောက်ရသည်ကို အသင့်နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီလငါးပါး၊ အဋ္ဌသီလရှစ်ပါးကို မပြတ်ဆောက်တည်ကြကုန်ဟု အမိန့်တော်ပြန်သည်။

 

မင်းနှင့်တကွ အများပြည်သူ ကိုယ်ကျင့်တရားကောင်းစေရန်၊ အကျင့်သီလကို ဆောက်တည်ကြရန် ဘုရင့်အမိန့်တော်ဖြင့် သတိပေးနှိုးဆော်ခဲ့သည့် ကောင်းမြတ်သည့် အစဉ်အလာတစ်ခုဖြစ်သည်။ မင်းနှင့်တကွ ပြည်သူများကလည်း လိုက်နာ ကျင့်သုံးကြသဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောသည့် အကျိုးကျေးဇူးများကို ရရှိခံစားခဲ့ကြရသည်။ မျက်မှောက်ကာလတွင် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြသည်မှာတော့ အမှန်ပင်ဖြစ်သည်။ ဂရုဓမ္မသီလ ကိုယ်ကျင့်တရားများ စောင့်ထိန်းမှုပါးလျားလာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဘာသာသာသနာ ယဉ်ကျေးမှုပြိုကွဲကာ နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့်အန္တရာယ်များကို ကာကွယ်နိုင်ဖို့ဆိုလျှင် ကိုယ်ကျင့်သီလ ကိုယ်စီကောင်းအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

 

မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံ၏အသက်ဖြစ်သည့် ထေရဝါဒဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ရေးနှင့် ဘာသာရေးအခြေခံသည့် ယဉ်ကျေးမှုအစဉ်အလာများ အားကောင်းနေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဂရုဓမ္မသီလ ကိုယ်ကျင့်တရားများ အားကောင်းလာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မှေးမှိန်ပျောက်ကွယ်နေသော ဘာသာရေးအနှစ်သာရရှိသည့် ဂရုဓမ္မသီလကဲ့သို့ အခါတော်နေ့များ ပြန်လည်ဖော်ထုတ် ရှင်သန်ထွန်းကားအောင် ပြုလုပ်ပေးရန်လိုအပ်သည်။ အနာဂတ် မျိုးဆက်သစ်များကို သွန်သင်လမ်းမှန်ပြပေးကြရမည်ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသနာ၏ ဂုဏ်ကျေးဇူးဖြင့် ကိုယ်ကျင့်သီလများ စောင့်ထိန်းကြပြီး နိုင်ငံတော် အေးချမ်းသာယာဝပြောအောင်၊ စာပေနှင့် ယဉ်ကျေးမှုမြင့်မားပြီး နိုင်ငံနှင့် လူမျိုး ကမ္ဘာ့ အလယ်တွင် တင့်တယ်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ


No comments

Powered by Blogger.