နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး





နေပြည်တော်၊ စက်တင်ဘာ ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 



မြကန်ရေလှောင်တမံ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် (၉၁) ကန်အနက် တူးဖော်ပြီး၊ တူးဖော်ဆဲ၊ ဆက်လက်တူးဖော်ရန် ကျန်နှင့် တူးဖော်ရန်မလိုသည့် ရေကန်များ၏ အခြေအနေများ၊ ဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သည့် ရေကန်များနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်သည့်ရေကန်များ၏အခြေအနေများ၊ ရေဝင်ရေထွက် လမ်းကြောင်းများကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရာဂိမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန် မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ သတ်မှတ်လမ်းကြောင်းများအတိုင်း စီးဝင်ခဲ့မှု၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိ ရှိခဲ့သော် လည်း ရေဝင်ရေထွက် လမ်းကြောင်းများရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှု၊  မိုးသည်းထန် စွာရွာသွန်းခဲ့ချိန်၌ သာသနာရေးဆိုင်ရာ အဆောက်အဦ ၁၂ ခုသာ မိုးရေစိမ့်ဝင်မှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုကြောင့် ပျက်စီးခဲ့ခြင်းမရှိသည်ကို တွေ့ရှိရသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မေလအတွင်း ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်စဉ် ပုဂံဒေသစိမ်းလန်းစိုပြေရေးနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်းငယ်နှင့် ရေငွေ့ပျံမှု များပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်အတွင်း ရေဝင်ရောက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။  


 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြကန်သည် သမိုင်းတွင် ထင်ရှားခဲ့သည့် ကန်ကြီးဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေယိုစိမ့်မှု မရှိစေရေးထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အဓိကထားဆောင်ရွက်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများက တုရင်တောင်စိမ်းလန်းစိုပြေရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့်အညီ တုရင်တောင်ကြောအပါအဝင် ပုဂံဒေသ စိမ်းလန်းစိုပြေရေးအတွက် ရှေးဟောင်းနေရာများနှင့် ကင်းလွတ်သည့်နေရာများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းမှု၊  မိတ္ထီလာမြို့နယ်၊  ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်း ဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်းများ တည်ဆောက်ထားမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများ စိုက်ပျိုးရာတွင် သမရိုးကျစို က်ပျိုးသည့် နည်းစနစ်များအပြင် သစ်ပင်သစ်တောထု ရရှိစေရေးအတွက်လည်း နည်းလမ်းများ ရှာဖွေ၍ စိုက်ပျိုးကြရန်လိုအပ်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြကန်ရေလှောင်တမံ ဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


 


ဇေယျဝတီ(ဇယဝေရီ)ကန်

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ (ဇေယျဝေရီ) ကန်သို့ ရောက်ရှိကြရာ ရေဝင်ရောက်နေမှု အခြေအနေများနှင့် ရေဝင်ရောက်လာလမ်းကြောင်းတွင် နုန်းစစ်ကန်များ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်  ရေဝင်ရောက်ရာလမ်းကြောင်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ ရေကန်ကြံ့ခိုင်မှုအား စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 

မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်)

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်) အတွင်း ရေဝင်ရောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေဝင်ရောက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


 


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာ တစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံ ဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များ စိုက်ပျိုးထားရန်လိုကြောင်း၊ ကန်များအနီး ပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံစိုက်ပျိုးခြင်းများဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှုလျော့နည်းနိုင်သည့်အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ် အကွာအဝေးတွင်သာ ရှိစေရေး စည်းကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခုရေကန်များအတွင်း ယခုကဲ့သို့ ရေများ စုဆောင်းထားရှိနိုင်သည့်အတွက် သုံးရေအတွက် အအထောက်အကူ ပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသ စိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

 

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေကြီးရေလျှံမှု မဖြစ်‌ပေါ်စေရေး၊ စိမ်းလန်းစိုပြည်၍ ခရီးသွားများအား ဆွဲဆောင်နိုင်ရေးအတွက်  ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်ရှိသူများက စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် စေတနာရှင်ပြည်သူများအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်လှူဒါန်း ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

No comments

Powered by Blogger.