ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာကိုထိန်းသိမ်းပေး
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့်
သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ကမ္ဘာပေါ်ရှိ နိုင်ငံအများစု ရင်ဆိုင်ကြုံတွေ့နေရသည်။
နွေ၊ မိုး၊ ဆောင်းဟူသော ပုံမှန်အလှည့်ကျ ရာသီဥတုဖြစ်စဉ်များပျက်ပြားပြီး အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ
ဖြစ်ပေါ်လာသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ အအေးပြင်းထန်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့်
သဘာဝ ဘေးအန္တရာယ်များကို ကမ္ဘာ့ပြည်သူများအားလုံး ကြုံတွေ့ခံစားနေရပြီ ဖြစ်သည်။
ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာကြီးကို လွှမ်းပတ်ခြုံ၍ ကာကွယ်ပေးထားသော
အိုဇုန်းအလွှာကြီး ပျက်စီးယိုယွင်းခြင်းနှင့် အဓိကသက်ဆိုင်နေပေသည်။ ကျွန်ုပ်တို့ရပ်တည်နေထိုင်ကြသော
ကမ္ဘာမြေကြီး၏ အထက် ၁၀ မိုင်ကျော်အကွာအဝေးရှိ ကမ္ဘာ့လေထုကြီးတွင် သဘာဝတရားကြီးက သက်ရှိများ
ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဖန်တီးပေးထားသော အိုဇုန်းလွှာဟုခေါ်ဆိုသည့် အလွှာအစုအဝေးကြီး
လွှမ်းခြုံထားသည်။ ကမ္ဘာမြေပေါ်သို့ နေမှဖြာဆင်းကျနေသော နေရောင်ခြည်တွင် လူသားများ၊
သက်ရှိသတ္တဝါများနှင့် သစ်ပင်များအား အန္တရာယ်ဖြစ်စေနိုင်သည့်
ခရမ်းလွန်ရောင်ခြည်များ ပါဝင်နေသည်။
ကမ္ဘာကြီးအား လွှမ်းပတ်ခြုံထားသော အိုဇုန်းလွှာဟုခေါ်သည့် ပါးလွှာသည့်
အငွေ့တန်းအလွှာကြီးသည် သက်ရှိများ အားလုံးကို ထီးသဖွယ် ကာကွယ်တားဆီးပေးထားသည်။ အကယ်၍သာ
အဆိုပါ အိုဇုန်းလွှာကြီး မရှိပါက သက်ရှိများအားလုံး
ပျက်စီးသေဆုံးသွားနိုင်သည်။ သဘာဝက ဖန်တီးပေးထားသော အိုဇုန်းလွှာကြီး ထိခိုက်ပျက်စီးသွားမည်ဆိုလျှင်လည်း
နေရောင်ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်ကျဆင်းလာပြီး
လူနှင့်သတ္တဝါများအားလုံး ရောဂါဘေးဘယာများ၊ ဘေးဒုက္ခ အမျိုးမျိုးတို့နှင့် မလွဲမသွေ
ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်သည်။
သဘာဝကပေးထားသော အိုဇုန်းလွှာကြီးသည် နေရောင်ခြည်တွင်ပါလာသည့် အန္တရာယ်ဖြစ်စေနိုင်သော
ခရမ်းလွန် ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ မကျရောက်စေရေးအတွက် ၉၉ ရာခိုင်နှုန်းအထိ
အကာအကွယ် ပေးထားသည်။ အကယ်၍ အိုဇုန်းလွှာ တစ်ရာခိုင်နှုန်းပျက်စီးလျှင် ကမ္ဘာမြေပြင်ပေါ်တွင် ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း တိုးပွားလာမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲလာခြင်းသည် ကမ္ဘာကြီးပိုမိုပူနွေးလာသောကြောင့်ဖြစ်သည်။
ရာသီဥတုပူနွေးလာခြင်းသည် ကမ္ဘာ့လေထုထဲတွင် မှန်လုံအိမ် ဓာတ်ငွေ့များ အဆမတန်များပြားလာသော
ကြောင့်ဖြစ်သည်။ အလုံပိတ်ခန်းထဲတွင် အပူဓာတ်များ ပိုမိုရသဖြင့် မှန်လုံအိမ်ဟု ဆိုခြင်းဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုက်၊ မြေပြင်ရှိအိုဇုန်း၊
ကလိုရိုဖလူအိုရိုကာဗွန်၊ ဟိုက်ဒရိုကလိုရို ဖလူအိုရိုကာဗွန် စသည့်ဓာတ်ငွေ့များသည် ကမ္ဘာကြီးကို
ပိုမိုပူနွေးစေသည့် ဂုဏ်သတ္တိများ ရှိသဖြင့် မှန်လုံအိမ်ဓာတ်ငွေ့များဟုခေါ်သည်။ ယင်းတို့တွင်
ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့သည် လေထုထဲတွင် နှစ်ပေါင်းရာချီတည်ရှိနိုင်ပြီး အိုဇုန်းလွှာကို
ဖျက်ဆီးနိုင်သည့် အန္တရာယ်အများဆုံး ဓာတ်ပစ္စည်းဖြစ်သည်။ အအေးပေးစက်များမှထွက်ရှိသည့်
ဓာတ်ငွေ့များကဲ့သို့ ကလိုရင်းပါဝင်သည့် ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့အမျိုးအစားများသည်
အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဖြစ်သည်။
အိုဇုန်းလွှာပျက်စီးမှုသည် လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးသတ်ဆေးဘူး၊ ရုပ်ကြွင်းလောင်စာများ၊
စက်မှုလုပ်ငန်းများမှထွက်ရှိသော ဓာတ်ငွေ့များနှင့် ဓာတုပစ္စည်းများစသည်တို့ကြောင့်ဖြစ်သည်။
အိုဇုန်းလွှာ ပျက်စီးမှုကို ကိုင်တွယ်ဖြေရှင်း ရေးကြိုးပမ်းရာ၌ အိုဇုန်းလွှာကိုပျက်စီးစေသော
ဒြပ်စင်များစွာ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းတို့ကိုရပ်ဆိုင်းရန် ၁၉၈၇ ခုနှစ်တွင်
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ဆောင်ရွက်ချက်အရ
အဆိုပါဓာတုပစ္စည်းထုတ်လွှတ်မှု သိသိသာသာ လျော့ကျသွားခဲ့သည်။
အိုဇုန်းလွှာသည် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်ပေးခြင်း၊ လူတို့၏ ကျန်းမာရေး
ကိုပံ့ပိုးပေးခြင်း၊ ဂေဟစနစ်ကို ထိန်းသိမ်းပေးခြင်းနှင့် ရာသီဥတုတည်ငြိမ်မှုကို အကျိုးပြုသဖြင့်
ကမ္ဘာပေါ်ရှိသက်ရှိများအားလုံး ကာကွယ်ပေးရန်အတွက် မရှိမဖြစ် လိုအပ်သည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်သည်။ ယခုနှစ်
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ် မှာ “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်
ရည်မှန်းချက် အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု
တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့”ဖြစ်သည်။ မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့်
ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ဆိုးဆိုးရွားရွား
ကြုံတွေ့ခံစားနေကြရသည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ရန်အတွက် မွန်ထရီရယ်
နောက်ဆက်တွဲစာချုပ်ပါ ရည်မှန်းချက်များ အောင်မြင်စေရန် ကမ္ဘာပေါ်ရှိ အစိုးရအဖွဲ့အစည်းများသာမက
ပြည်သူများအားလုံးကပါ အိုဇုန်းလွှာကိုပျက်စီးစေမည့် ဆောင်ရွက်မှုမှန်သမျှကို လျှော့ချပေးနိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ
No comments