ရေကြီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




နေပြည်တော် စက်တင်ဘာ ၁၈


ရေကြီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယမန်နေ့က ပြုလုပ်ခဲ့သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့် စက်တင်ဘာ (၁၆)ရက်က ပြုလုပ်ခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်မှာကြားပြီး ထပ်မံ၍ မုန်တိုင်းအသစ်များဖြစ်ပေါ်လာနိုင်ပြီး ရေကြီးမှုဖြစ်စဉ်များလည်း ဖြစ်ပွားလာ နိုင်သဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခင်သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ယခု ရေကြီးမှု ဖြစ်စဉ်များတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံများနှင့် သာဓကများကို အခြေခံကာ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ကြိုတင်ပြင်ဆင်မှုနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ကာ ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(ကျိုင်းတုံ)၊ ရှမ်းပြည်နယ် (တောင်ကြီး)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများက လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.