ဆရာဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာမိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို
နေပြည်တော် စက်တင်ဘာ ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်း တွင် တက္ကသိုလ် ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် နေပြည် တော်ရှိပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိုးလေ ဝသသတင်းများနှင့် ရေကြီး၊ မိုးသည်း၊ မုန်တိုင်းစသည့်သဘာဝဘေး အန္တရာယ်ဆိုင်ရာသတင်းများကို အလေးထား၍ သတိပြုကာ ကြိုတင်ပြင်ဆင်ထားကြရန် လိုပါကြောင်း၊ယခု တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင်ရေဘေး အန္တရာယ်များနှင့်ကြုံတွေ့ခဲ့ရပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနတွင်ရေဘေးသင့်ကျောင်း ၁၄၆၉ ကျောင်းနှင့်ဆရာ၊ဆရာမ ဝန်ထမ်း ၉၅၁၈ ဦး ရေဘေးသင့်ခဲ့ကြပါကြောင်း၊ ရေဘေးသင့် ဆရာဆရာမများကို ရေဘေးကင်းလွတ်သည့် ဒေသများရှိပညာရေးဝန်ထမ်း မိသားစုများ၏ ဆန္ဒအလျောက် ကူညီမှုဖြင့် ထောက်ပံ့ကူညီသွား မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာ စာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုစုပေး ပို့ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေဘေးကျရောက်သောဒေသများတွင် မိမိတို့ကျောင်းအလိုက် လက်ရှိအနေအထားမှ တိုးတက်အောင် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို နှစ်ပါတ် တစ်ကြိမ်ပေးပို့ကြရန် ဖြစ်ပါကြောင်း၊ ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းပေးရန် အထူးမှာကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က လာမည့် စက်တင်ဘာ၂၁ ရက်မှ ၂၅ ရက် အတွင်း မိမိတို့နေရာဒေသအလိုက် မိုးလေဝသ အခြေအနေများကို အမြဲမပြတ် လေ့လာပြင်ဆင်ထားနိုင်ရေးအတွက် အသိပညာဖြန့်ဝေပေးထားကြရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကြီးကြပ် ဆောင်ရွက်ရန် ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက တောင်ပေါ်၊ မြစ်ချောင်း၊ ဆည်တမံအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးလေဝသသတင်းကို အထူးဂရုစိုက် နေထိုင်ကြရန် ပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments