ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တောင်ငူမြို့ရှိ ရေဘေးသင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 



နေပြည်တော် စက်တင်ဘာ ၁၈


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(တောင်ငူ) သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းအိမ်ယာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသော ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)သို့ ရောက်ရှိ၍ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အသင့်စား အစားအသောက်များ၊ ဆေးဝါးများနှင့် သောက်ရေသန့်ဗူးများ ပေးအပ်သည်။ 


ထို့နောက် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က မုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေနစ်မြုပ် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နှစ်ထပ်စာသင်ဆောင်များ၊ တစ်ထပ်စာသင်ဆောင်များ၊ စာကြည့်တိုက်များ၊ အားကစားရုံများ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၏ အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပြီး စာသင်ကြားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်ရန်နှင့် စာမေးပွဲ အဆင်ပြေစွာ ကျင်းပနိုင်ရေးတို့ကိုမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးကာ အလုပ်ရုံများ၊ အားကစားကွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.