ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါ‌တော်နေ့) အခမ်းအနားများ ကျင်းပ




ရန်ကုန် စက်တင်ဘာ ၁၇


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တော်သလင်းလပြည့် (ဂရုဓမ္မအခါ‌တော်နေ့) အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။


ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး ဘုရားဂုဏ်‌တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဂရုဓမ္မငါးပါးသီလ အကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများကို အမေးအ‌ဖြေပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ထို့နောက် ဧည့်ပရိသတ်များက ရွှေတိဂုံ‌စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ သုစိတ္တထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား သင်္ဃန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ 


ယင်းနောက် စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


မွန်းလွဲပိုင်းတွင် ၁၃၈၆ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မအခါ‌တော်နေ့) ဓမ္မပူဇာ မင်္ဂလာသဘင် အခမ်းအနားကို စေတီတော်ဂေါပကရုံး အာရုဏ်ခံတန်ဆောင်း၌ကျင်းပရာ စေတီတော်ဂေါပကအဖွဲ့ အဖွဲ့၀င် ဦးလှထွန်းက ဂရုဓမ္မအခါတော်နေ့ ကျင်းပရခြင်း မင်္ဂလာထောပနာစကားမြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက ဂရုဓမ္မ ဇာတ်တော်အမွှန်း၊ ဂရုဓမ္မ ဇာတ်ပါဠိတော်နှင့် မဟာဓမ္မပါလဇာတ်တော်တို့ကို ရွတ်ဆိုခြင်း မေတ္တာဘာဝနာ ပွားများခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ 


သတင်းနှင့် ဓာတ်ပုံ - ဇော်မင်းလတ်(MNA)

No comments

Powered by Blogger.