မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်



မကွေး စက်တင်ဘာ ၁၇

 

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ မြို့နယ်အဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက မင်းဘူးမြို့၊ ဦးသြဘာသခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်းဘူးခရိုင် သန်းခေါင်စာရင်းကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ မင်းဘူးမြို့ပေါ်ရပ်ကွက် သန်းခေါင်စာရင်း ကော်မတီဝင်များ၊ မင်းဘူးခရိုင်၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အတွင်းရှိ လဝကဝန်ထမ်းများ၊ စာရင်းစစ်/ စာရင်းကောက်များ၊ ခရိုင်အဆင့် နည်းပြသင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူဦးရေဆိုင်ရာအကြောင်းအရာ၊ စီးပွားရေး/ လူမှုရေးဆိုင်ရာ အကြောင်းအရာများကို တစ်နိုင်ငံလုံး ဒါမှမဟုတ် သတ်မှတ်နယ်မြေတစ်ခုတွင် လူတိုင်းကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မှတ်ပုံတင်စာရင်းအင်းစနစ်များ ပြည့်စုံသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သန်းခေါင်စာရင်းကို (၁၀)နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူလေ့ရှိကြောင်း၊ နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို စီမံဆောင်ရွက်နိုင်ရန်အတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းများ အမှန်တကယ်ရရှိရန် လိုအပ်နေသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့် (၃)နှစ်ကတည်းက စတင်၍ အချိန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာများ တိုးတက်လာခြင်းကြောင့် ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့်မတူဘဲ နည်းပညာအသုံးပြု စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

ယခုအခါ တစ်နိုင်ငံလုံး၏ စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် စာရင်းကောက်ယူမယ့် Application ရေးသားခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များပြုစုပုံနှိပ်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများနှင့် လူထုအသိပညာပေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်ခြင်း စသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်လို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရန် အသင့်ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးတွင် စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်း၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့် နည်းပြသင်တန်းများအထိ ဖွင့်လှစ်ပြီးစီးခဲ့ပြီး ယခုအခါ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းများအား မြို့နယ်အလိုက် ဆက်လက်ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူမည့် ခရိုင်(၅)ခရိုင်ရှိ မြို့နယ်(၁၇)မြို့နယ်တွင် မြို့နယ်အဆင့် သင်တန်းပေါင်း(၄၃)ခု၊ သင်တန်းသား/သင်တန်းသူ (၁၉၀၃)ဦး တက်ရောက်မည်ဖြစ်ပြီး ယခု မင်းဘူးမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို သင်တန်းသား/ သင်တန်းသူ (၁၄၉)ဦး တက်ရောက်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန် မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ အနေဖြင့် တာဝန်ပေးအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သင်တန်းနည်းပြ (၁၂)ဦးမှ တစ်ဦးချင်းမိတ်ဆက်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲပြီး သင်တန်းပို့ချမှု ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ

No comments

Powered by Blogger.