ဉရောပအရှေ့ပိုင်း၊ အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၀ ကျော် သေဆုံး



စက်တင်ဘာ ၁၈

ဉရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများပြားပြီး လူ ၂၀ ကျော်သေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါမိုးသည် လွန်ခဲ့သောသီတင်းပတ်ကစတင်ကာ သည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ မြစ်ရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များအတွင်းသို့ရေများစီးဆင်းခဲ့ကြောင်းနှင့် တံတားများလည်း ပြိုကျပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ပိုလန်နယ်စပ်အနီးရှိ ချက်နိုင်ငံအရှေ့ပိုင်း အိုစတာဗာမြို့၌  ရွှံ့ရေများဖြင့် ပြည့်လျှမ်းနေသော လူနေရပ်ကွက်တစ်ခုကို စက်တင်ဘာ ၁၆ ရက်ကရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တွင် ပြသထားသည်။

ရိုမေးနီးယား၊ ပိုလန်၊ ဩစတြီးယား၊ ချက်သမ္မတနိုင်ငံတို့တွင် သေဆုံးသူ ၂၁ ဦး ထက်မနည်းရှိကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖော်ပြထားသည်။

အစိုးရအဖွဲ့က ရေဘေးကြောင့်ပျက်စီးသွားသော အပျက်အစီးများကို ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များ ချမှတ်ထားကြောင်းနှင့် ရေပြန်ကျသွားသော မုန်တိုင်းဘေးသင့်ဒေသများတွင် ရွှံ့နှင့်အမှိုက်သရိုက်များဖယ်ရှားရန် အလုပ်သမားများလုပ်ဆောင်နေကြကြောင်း ဖော်ပြထားသည်။

ဒေသအများအပြားရှိပြည်သူများအနေဖြင့် လျှပ်စစ်မီးနှင့် ရေများပြတ်တောက်မှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.