ထမင်းချိုးမှ အရသာရှိရှိဆန်ပြုတ်သို့ ပြောင်းလိုက်သော ချိုချင်းဓလေ့
အမ်းမ်လောင်ရွှီ
ချင်းတောင်တန်းဒေသမှာ ချိုချင်းတို့သည်
တောင်ယာစိုက်ပျိုးရေးသာ အဓိကထားလုပ်ကိုင်ခဲ့ ကြရသည်။ ရာသီဥတုကိုလိုက်၍ အပူတောနှင့် အအေးတောဟု နှစ်မျိုးရှိရာ တောင်ယာစပါးကို အပူတော၌သာ စိုက်ပျိုးရသည်။ အအေးတောတွင်
စိုက်၍မရပါ။ ထိုအခါ ဖူးစားပြောင်းကိုသာစိုက်၍
ပြောင်းထမင်းကိုသာ စားရသည်။ ပြောင်းထမင်းသည် ပူနေသည့်အချိန်စားလျှင် ကောင်းသော်လည်း
အေးသွားလျှင်မာသည်။ ကြမ်းသည်။ ကြေညက်အောင် မဝါးလျှင် အစာအိမ်ထိခိုက်နိုင်သည်။
တောင်ယာဆန်ဖြစ်စေ၊ ပြောင်းဆန်ဖြစ်စေ
ထမင်းရည်ငှဲ့ပြီးသာချက်ရသည်။ ထိုအခါ ထမင်းချိုးများ (ဂျိုးများ) အထူကြီးဖြစ်တတ်သည်။
ထိုထမင်းချိုးများကို မလွှင့်ပစ်ကြပါ။ ကရိကထများပြီး နေပူခြင်းက နည်းသဖြင့် ထမင်းချိုးကို
အခြောက်လှမ်းပြီး ဆီနဲ့ ကြော်စားခြင်းကိုလည်း မလုပ်ကြပါ။
ထမင်းချိုးမှာ မာသဖြင့် မူလအတိုင်း
စားလိုသူ မရှိတတ်ပေ။ တစ်နေ့တွင် စာရေးသူကို ထမင်းကျွေး နေသောအဒေါ်က ထမင်းချိုးများ
မည်သို့အသုံးချသည်ကို မြင်ခဲ့ရသည်။ သူ့အလုပ်သူလုပ်ရင်း လက်တွေ့ပြသလိုဖြစ်ခဲ့သည်။ ထမင်းချိုး
အထူကြီး ရှိနေသောအိုးထဲသို့ ရေနွေးကို ထမင်းချိုးမြုပ်ရုံ ထည့်ပြီး မီးဖိုပေါ်တင်ထားသည်။
ကျက်ပြီးသား အသားတုံး အနည်းငယ်နှင့် အသီးအရွက်များ ထည့်ပြီး အုပ်ထားသည်။
မကြာမီ ဆား၊ ငရုတ်သီးမှုန့်များ ထည့်ပြီး
မွှေလိုက်သည်။ စာရေးသူက စားချင်သည်ဟု ပြောရာ စားခွင့်ရ၏။ အသားနှင့် အသီးအရွက်ပါသော
အရသာရှိလှသည့် ဆန်ပြုတ်တစ်ခွက်မှန်းသိလိုက် ရသည်။
လေလွင့်မှုမရှိစေဘဲ ချွေတာခြင်းလည်း
ဖြစ်စေရန်၊ အရသာရှိရှိ အစားအသောက်တစ်ခုလည်း ဖြစ်စေရန် စီမံချက်ပြုတ်တတ်သော ချိုချင်းအိမ်ရှင်မတို့၏
ချိုချင်းဓလေ့ကို ဂုဏ်ယူမြတ်နိုးစွာ ဖော်ထုတ်လိုက်ရပါသည်။
No comments