တစ်ခါတုန်းက တက္ကသိုလ်မှာ
နွမ်ဂျာသိုင်း
(၁၄-၁၀-၂၀၂၄ ရက်နေ့မှအဆက်)
ကျွန်တော်တို့ ရှေ့တည့်တည့် အစွန်နှစ်ခုစလုံး၌လည်း
ကျွန်တော်တို့လို။ ဧည့်ခံတီးလုံးနှင့်အတူ
အလင်းရောင်များသည် တဖြည်းဖြည်းမှိန်ဖျော့သွား၏။
“ရော့ ..”
ကြော်ငြာစာတန်းများထိုးနေစဉ် ခင်လေးက
ကျွန်တော့်ဆီအချဉ်ထုပ်တစ်ထုပ်လှမ်းပေးသည်။ ကျွန်တော်က ခေါင်းခါ၍ -
“ဟင့်အင်း”
ခင်လေး မျက်နှာတွင် မကျေနပ်ရိပ်လေးပေါ်လာသည်ကို
မှိန်ဖျော့သော အလင်းရောင်တွင်တွေ့၏။ လှလှလေးစူထားသော နှုတ်ခမ်းနှင့်အတူ -
“စားလေ၊ ဒါ ကိုကို့ဖို့ပဲဟာ”
“နေပါဦး ခင်လေးရဲ့”
ပြောရင်းနှင့် ကျွန်တော်က သူ့လက်နှင့်
အချဉ်ထုပ်ကို လက်ဝါးနှစ်ဖက်ဖြင့် ညှစ်ဖိရင်း သူ့ပေါင်ပေါ် ပြန်တင်ပေးသည်။ ဖျတ်ခနဲလင်းသွားသော
အလင်းရောင်တွင် နိုင်ငံတော်အလံ။ ကျွန်တော်တို့ ကမန်းကတန်း ထရပ်လိုက်ကြသည်။ နိုင်ငံတော်သီချင်းဆုံးမှ ကျွန်တော်တို့ ပြန်ထိုင်လိုက်ကြသည်။
“ဗဟိုသတင်းစဉ်” ဆိုသော စာတန်းနှင့် အဖွင့်တီးလုံးပေါ်လာသောအခါ
အောက်ထပ်မှာ ဟားခနဲ အသံများပေါ်လာ၏။
“ဘာလဲ၊ ကိုကိုက ခင်လေး ဝယ်လာတာ မစားဘူးလား” စူအောင့်အောင့် လေသံကြောင့် ကျွန်တော် သူ့နားနားကပ်၍
တိုးတိုးလေး –
“ခွံ့ပေးမှ”
“ဟင်း . . . ကိုကိုကလည်း ကလေးကျနေတာပဲ”
“ခင်လေးရဲ့ ကိုကိုက ကလေးပဲဥစ္စာ”
“တော်ပါ ”
ပြောသော်လည်း သူတကယ်မတော်ခိုင်း။ လက်တန်းပေါ်တင်ထားသော
တံတောင်ဆစ်ဖြင့် ခပ်သာသာတွက်ရင်း အချဉ်ထုပ်ကိုဖောက်သည်။
“ရော့ . . . ကလေးကြီး စားတော်မူပါဘုရား”
ချစ်ငေါ့ငေါ့ လေသံလေးနှင့် မရန်းပြားဖတ်ကလေး
ကိုင်ထားသောလက်သည် ကျွန်တော့် နှုတ်ခမ်းဆီ
ရောက်လာ၏။
“ဟင့်အင်း . . . ဒီလိုခွံ့ကျွေးဖို့
ပြောတာမဟုတ်ဘူး” မှောင်လုလုအလင်းရောင်တွင် ခင်လေး၏ မျက်စောင်းလက်လက်လေး ဖျတ်ခနဲ ရောက်လာသည်ကို
တွေ့ရသည်။
“ဒီလိုမခွံ့လို့ ဘယ်လိုခွံ့ရမှာလဲ”
ကျွန်တော် သူ့ဘက် သိသိသာသာ တိုးလိုက်ရင်း-
“ပါးစပ်နဲ့ခွံ့”
“ဟင် . . . ခွံ့ချင်ပါဘူး”
“ဒါဖြင့် ကိုယ်ဘယ်လိုလုပ်စားမလဲ”
“ဒီအတိုင်းစားပေါ့”
“ဟင် ... စားချင်ပါဘူး”
ကျွန်တော်က သူ့လေကိုတု၍ ပြောလိုက်သည်။
“ဟင်း . . . သိပ်ကဲတာပဲ”
ပြောသာပြောသည်။ မရန်းပြားသည် သူ့နှုတ်ခမ်းဆီရောက်သွား၏။
“အင့်”
လေသံဖြင့်ရောက်လာသော စကားသံနှင့်အတူ
ခပ်မော့မော့မျက်နှာပေး ကျွန်တော့်ဘက်လှည့်သည်။
မရန်းပြား၏ ချိုချဉ်ချဉ်အရသာလေးသည် နှုတ်ခမ်းဖျားဆီရောက်လာ၏။
သမ္မတရုံကြီးသည် အေဒင်ဥယျာဉ်ဖြစ်သွား၏။ ချိုမြိန်သောပန်းသီးလေးကို တွေ့လိုက်ရသည်။ မရန်းပြားလေးသည် အချစ်၏
နှုတ်ခမ်းဖျားလေးများတွင် လူးလာခတ်သွား၏။
“ကိုကိုရယ် . . .” တဲ့။
* * * * *
ဒိုင်းခနဲ ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာသည်။ ပြေးလွှားလှုပ်ရှားနေသော လူအုပ်များ၏
နောက်ကွယ်တွင် လိမ္မော်ရောင်ပေါက်ကွဲမှုများ
ဆက်တိုက်ပေါ်လာသည်။ ကြီးမားခံ့ထည်၍ ရန်သူပိုင်ဆိုင်သော အဆောက်အအုံကြီးသည် တစ်စစီ လွင့်စဉ်ပြိုကွဲနေသည်။
ပိတ်ကားပေါ်တွင် သေနေသောလူများကို မကြည့်အား။ ခင်လေးက သူ့ခရင်ပတ်ဖ်ဘူးလေး ထုတ်၍ မျက်နှာကိုတို့၏။
“ဘာမှန်းလဲမသိဘူး၊ ရုပ်ရှင်တောင် ကောင်းကောင်းမကြည့်လိုက်ရဘူး”
ဒေါသမဟုတ်သော ဒေါသသံလေးကို ကျွန်တော်
သိပ်ချစ်သွားသည်။
“နောက်တစ်ပွဲဆက်ကြည့်ရရင် ကောင်းမယ်နော်”
“သွား”
ခင်လေး၏ လက်ကလေးသည် ကျွန်တော့် ပခုံးစွန်းကို
ဖြတ်တိုက်သွားသည်။
ဘယ်လိုဖြစ်၍ ဘယ်လိုဖြစ်သွားမှန်းမသိသော
ဇာတ်လိုက်သည် ဘာမှန်းမသိသည့် ဇာတ်လမ်း၏ အဆုံး၊ ဘယ်သူမှန်းမသိသည့် မင်းသမီးကိုဖက်၍ ဘယ်နေရာမှန်းမသိသည့်
နေရာတွင် ဘာလုပ်ကြ မှန်းမသိ ရောက်နေကြ၏။
ထိုင်ခုံပေါ်မှ ထရပ်လိုက်သံများကြောင့်
တစ်ရုံလုံး ဆူညံသွားသည်။
ပြီးပါပြီ . . . ဟု အဓိပ္ပာယ်ရှိသော
အင်္ဂလိပ်စာတန်းလေးသည် အဝေးဆီမှ တဖြည်းဖြည်းနီးလာ၏။ ဖျတ်ခနဲ မီးများလင်းလာသည်။ အကျင့်ပါနေသဖြင့်
ကျွန်တော် ထရပ်လိုက်သည်။
“နေဦး . .”
ခင်လေးဆီမှ စူအောင့်အောင့်လေသံ ကြားရသည်။
ကြည့်လိုက်ရာ စောစောက ပတ်ဖ်မှန်လေးကို ကိုင်လျက် ဆံပင်ကိုသပ်ရင်း ကျွန်တော့်ကို မျက်စောင်းထိုး၍
-
“နေဦး၊ သူများကို ကြည့်ပေးဦး”
ကျွန်တော့်နှုတ်ခမ်းကို ကျွန်တော် ယောင်၍လက်ဖြင့်စမ်းလိုက်မိ၏။
* * * * *
“ဟယ် . . . ဒုက္ခပဲ”
အလန့်တကြား ပြောလိုက်သောအသံကြောင့်
ကျွန်တော့်ရင်ထဲက ထိတ်ခနဲဖြစ်သွား၏။ သူက ကျွန်တော့်ကိုယ်နှင့် ဖျတ်ခနဲ ကွယ်လိုက်သည်။
“ဘာလဲ”
ကျွန်တော်က သူလန့်သည့်နေရာ ဘာမှန်းမသိသဖြင့်
ကြောင်တက်တက်နှင့် ဟိုကြည့်သည် ကြည့်လုပ်သည်။
“လာစမ်းပါ၊ မြန်မြန်သွားရအောင်”
သူက မြန်ဆိုသဖြင့် ကျွန်တော့်ခြေလှမ်းများ
သွက်ပစ်လိုက်သော်လည်း ဘာကြောင့်မှန်း ကျွန်တော်မသိ။
“ဘာဖြစ်လို့လဲ ခင်လေး”
“ဟိုကားနားမှာ ကိုကိုလတ်”
ဒိုင်းခနဲ ရင်ထဲလှုပ်သွား၏။
ကမန်းကတန်း ကားများဘက်ကြည့်သည်။ ကျွန်တော်တို့ဘက်
မျက်နှာမူထားသောသူ တစ်ယောက်မှမတွေ့။
သို့သော် ကျွန်တော်တို့ကို ကျောပေး၍
ကားထဲဝင်ထိုင်လိုက်သူကို ဂရုတစိုက်ကြည့်လိုက်သည်။ ဟုတ်သည် ကိုကိုလတ်၊ ကားထဲဝင်၍ ထိုင်လိုက်
သောအခါ သူ့မျက်နှာကို ဘေးတိုက်မြင်ရသည်။
စပို့ရှပ် ငှက်ခါးရောင်ဝတ်ထားသော ကိုကိုလတ်သည်
သူ့မာစီဒီးကားအနက်လေးကို ဆောင့်ခနဲ မောင်းထွက်သွား၏။
“သွားပါပြီ ခင်လေးရဲ့”
သည်တော့မှ ခင်လေး ခေါင်းမော့သည်။
မောင်းထွက်သွားသော ကားဘက်သို့ စိုးရိမ်တကြီး
လှမ်းကြည့်ရင်း
“မြင်များသွားသလား မသိဘူး ကိုကိုရယ်”
ကျွန်တော် ဘာမှ ပြန်မဖြေမိ။ မြင်သွားလား၊
မမြင်သွားလားဆိုသည်ကို ကျွန်တော်မသိ။ သည်လူကို သည်မျှ အထိတ်တလန့်ရှိရခြင်းအတွက်မူ ရင်ထဲ၌
တစ်မျိုးကြီးဖြစ်သွားသည်။ အိတ်ထဲမှ ဒူးယားကို အုန်းဆံကြိုးဖြင့် မီးညှိလိုက်သည်။ ဆေးလိပ်ကို
မကျေမနပ်ဖြင့် ရှိုက်ယူ လိုက်၏။
* * * * *
(၅)
ကံ့ကော်ရိပ်၏ သင်းပျံ့သောရနံ့ကိုရသည်။
ခုံတန်းလျားလေးပေါ်တွင် လွယ်အိတ်လေးနှစ်လုံး ထပ်တင်လိုက်၏။
“လိုက်တော့ လိုက်ချင်တယ် ကိုကို။ ခင်လေး
အိမ်ကိုပြောကြည့်ဦးမယ်”
ခင်လေးက ခုံတန်းလျားတွင် ဝင်ထိုင်ရင်း
စောစောကပြတ်သွားသောစကားကို ပြန်ဆက်သည်။
“လိုက်ဖြစ်အောင်လိုက်ခဲ့ပါ ခင်လေးရာ။
ဒါမျိုးက ကြုံလည်းကြုံခဲပါတယ်။ ကိုယ့်ဘာသာကိုယ် ဒီခရီးမျိုးထွက်ဖို့က လွယ်တာမဟုတ်ဘူး”
ခင်လေး ခေါင်းတညိတ်ညိတ်လုပ်သည်။ တစ်စုံတစ်ခုကို
စဉ်းစားနေပုံရ၏။ ချက်ချင်းပင်ဝင်းသွား သော မျက်လုံးအစုံဖြင့် -
“ပျော်စရာကတော့ ကောင်းမယ်နော်”
“ပျော်စရာတင် ဘယ်ကမလဲ ခင်လေးရာ။ နိုင်ငံအတွက်လည်း
အများကြီးအကျိုးရှိတာပေါ့။ ကုသိုလ်လည်းရပါတယ်။ တိုင်းပြည်တိုးတက်ဖို့ ကိစ္စမှာ လူတိုင်းစာတတ်ဖို့က
သိပ်အရေးကြီးတယ်”
“မန္တလေးဘက်မှာနော်”
ကျွန်တော်က ခေါင်းညိတ်ပြရင်း ခြေထောက်နားမှ
ကံ့ကော်ရွက်ခြောက်လေး တစ်ရွက်ကိုယူ၍ ကပ်နေသောဖုန်များကို လက်ဖြင့်သပ်နေမိသည်။
“ဟိုနေ့က ဘာဖြစ်သေးလဲ”
ကျွန်တော်က အေးစက်နေသော စကားဝိုင်းကို
အပြောင်းအလဲဖြစ်စေရန် စကားဦးလွှဲပစ်သည်။ ကျွန်တော် ရည်ညွှန်းသော ဟိုနေ့ကသည် ရုပ်ရှင်
ကြည့်သောနေ့က အဖြစ်ကိုဖြစ်၏။ ခင်လေး ဖျတ်ခနဲ ကျွန်တော့်ဘက်လှည့်သည်။
“ဘာကို ပြောတာလဲ”
ကျွန်တော့်လက်ထဲရှိ ကံ့ကော်ရွက်လေးကို
လေထဲဝှေ့ယမ်းလိုက်ပြီး -
“ရုပ်ရှင်ကြည့်တဲ့နေ့က ကိုကိုလတ်နဲ့
တွေ့သွား တဲ့ကိစ္စလေ”
သူရယ်သည်။ သိပ်အလေးထားစရာကိစ္စမဟုတ်ဟူသော
အနက်အဓိပ္ပာယ်ဟု ကျွန်တော် နားလည် လိုက်သည်။ သူက ကျွန်တော့်လက်ထဲမှ ကံ့ကော် ရွက်လေးကို
ယူလိုက်ပြီး-
“အမှတ်တမဲ့မို့ ခင်လေးလည်း လန့်သွားတာပါ။
မြင်သွားလည်း အရေးမကြီးပါဘူး။ ကောင်းတောင် ကောင်းသေးတယ်”
ထိုနေ့ကတည်းက လေးနေသောရင်သည် ရုတ်ခြည်းပေါ့သွား၏။
သက်သာသွားသောစိတ်ကို မိမိရရ ခံစားလိုက်နိုင်သည်။
“အာစီမှာ ဘာရှိလို့လဲ”
ခင်လေး၏စကားသည် အခြားအကြောင်းအရာ တစ်ခုသို့ကူးသွားပြန်သည်။
အပန်းဖြေရိပ်သာဘက် မှ ဆူညံစွာ ပေါ်ထွက်လာသော အော်ဟစ်သံများနှင့် လက်ခုပ်သံများဆီ ရောက်သွား၏။
“ဘော်လီဘောပွဲနဲ့တူတယ်”
“သွားမလား”
(ဆက်လက်ဖော်ပြပါမည်)
No comments