တရုတ်နိုင်ငံ၏ အောင်မြင်မှုရရှိနေသည့် လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း
စိုးသူရ
ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုကို
လျှော့ချရန် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးကို ဦးစားပေးဆောင်ရွက်လာကြသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း လေထုညစ်ညမ်းမှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် လောင်စာဆီစွမ်းအင်သုံးကားများအစား
လျှပ်စစ်ကားများကို အစားထိုးသုံးစွဲလာကြသည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင် လျှပ်စစ်ကား
ကျယ်ပြန့်စွာ ထုတ်လုပ်နေပြီး အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကားအစီး
ရေ ၄ ဒသမ ၉၁ သန်း ပြည်ပသို့တင်ပို့ခဲ့ပြီး ယင်းတို့ အနက် ၁ ဒသမ ၂၀၃ သန်းသည် လျှပ်စစ်ကားများ
ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများသည် ပြည်တွင်းရော
ပြည်ပတွင်ပါ အခိုင်အမာ အသိအမှတ်ပြုမှုရရှိနေကြောင်း မီးမောင်းထိုးပြနေသည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများ
အောင်မြင်ရခြင်းမှာ လျှပ်စစ်ကား ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူ လုပ်သားအများ အပြားရှိခြင်းနှင့်
ဈေးကွက်၏ ဝယ်လိုအားကို အချိန်တိုအတွင်း အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက် နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း
ပညာရှင်များက ပြောကြားသည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ကား ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူနှင့်
ရောင်းချ သူအဖြစ် ကိုးနှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။ တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် လျှပ်စစ်ကားများသည်
သာမန်လျှပ်စစ်ကားအဆင့်မှ ညဏ်ရည်တု နည်းပညာသုံးကားများအဖြစ်သို့ တိုးမြှင့်ကူးပြောင်း
နေကြကြောင်း တရုတ်လျှပ်စစ်ကားကုမ္ပဏီ Voyah မှ အမှုဆောင်ချုပ် လူဖန်းက ပြောကြားသည်။
အန်ဟူပြည်နယ် ဟီဖီမြို့ကဲ့သို့သော တရုတ်နိုင်ငံရှိ
ဒေသအချို့သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းအတွက်
ပြီးပြည့်စုံသောထောက်ပံ့ရေးကွင်းဆက် စနစ်ကို ထူထောင်ထားသည်။ ယင်းဒေသတွင် နိုင်ငံပိုင်လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းများနှင့်
ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းများရှိသည်။
ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေး ကောင်းမွန်မှုတို့ကြောင့်
တရုတ်လျှပ်စစ်ကားများသည် ဥရောပ ဒေသတွင် အလွန်ရေပန်းစားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင်
တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများသည် ဥရောပဒေသ လျှပ်စစ်ကားဈေးကွက်၏ လေးပုံတစ်ပုံကို
ထိန်းချုပ်နိုင်လိမ့်မည်ဟု ဥရောပသယ်ယူ ပို့ဆောင်ရေးအဖွဲ့က ပြောကြားသည်။
ပါရီအခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏
အဆိုအရ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများသည် ကမ္ဘာတစ်ဝန်း ရောင်းချမှု၏ ၆၀ ရာခိုင်နှုန်းအထိ
ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီများသည်
ထိုင်းနိုင်ငံတွင် စက်ရုံဖွင့်လှစ်၍ ဈေးကွက်ချဲ့ထွင်နိုင်ရန် ဆောင်ရွက်နေသည်။
တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများသည်
ထိုင်းနိုင်ငံတွင် စက်ရုံများတည်ထောင်ကာ ဖက်စပ်လုပ်ငန်းများ တည်ထောင်၍ နည်းပညာမြင့်ကားများကို
ထုတ်လုပ်ခဲ့သဖြင့် ထိုင်းနိုင်ငံသားများနှင့် ပြည်တွင်းမော်တော်ကား လုပ်ငန်းအတွက် အကျိုးရှိကြောင်း
ထိုင်းနိုင်ငံ လျှပ်စစ်မော်တော်ယာဉ်အသင်း မှ တာဝန်ရှိသူ Suroj Sangsnit က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေး
လုပ်ငန်းဖြစ်သည့် NIOသည် ဥရောပနိုင်ငံ ငါးနိုင်ငံ ဖြစ်သည့် နော်ဝေ၊ ဂျာမနီ၊ ဒိန်းမတ်၊
ဆွီဒင်နှင့် နယ်သာလန်နိုင်ငံတို့၌ ဘက်ထရီပြုပြင်ထိန်းသိမ်း ရေးစခန်း ၅၄ ခုနှင့် အားသွင်းစခန်း
၂၁ ခုတို့ကို ထူထောင်ထားသည်။ ထို့အပြင် NIOသည် ဥရောပဒေသတွင် ဆန်းသစ်တီထွင်မှုစင်တာ
ဖွင့်လှစ်ထားပြီး လျှပ်စစ်ကားထုတ်လုပ်ရေးပိုင်းတွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို
ဆောင်ရွက်နေသည်။ ယနေ့ခေတ်သည် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ထိ
န်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေသည့် ခေတ်ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုသည်
ယနေ့ခေတ်နှင့်ကိုက်ညီမှုရှိပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း
ရေးသားဖော်ပြ လိုက်ရပါသည်။
ကိုးကား - ဆင်ဟွာ

No comments