ပလတ်စတစ်အမှိုက်များ ဖုံးလွှမ်းနေသည့်ကမ္ဘာ
မေယု-မျိုးအောင် (MANA)
ကမ္ဘာကြီးသည် နှစ်စဉ်ပလတ်စတစ်အိတ်အလုံးရေ
ငါးထရီလီယံ ထုတ်လုပ်လျက်ရှိရာ ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ကပ်ထားပါက ကမ္ဘာဂြိုဟ်တစ်ခုလုံးကို
ခုနစ်ကြိမ်ခန့်ပတ်ထားနိုင်မည်ဖြစ်သည်။ သို့သော်ကမ္ဘာကြီးသည် ထုတ်လုပ်ခဲ့သော ပလတ်စတစ်အိတ်များ၏
ကိုးရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုကြကြောင်း အစီရင်ခံစာ အချို့က ဆိုသည်။ ပလတ်စတစ်၏
အဓိကပြဿနာမှာ ၎င်းသည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့်အော်ဂဲနစ် ပစ္စည်းများကဲ့သို့
ဆွေးမြည့်ကွယ်ပျောက်သွားခြင်း မရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းဖြစ်စေ၊ ရေထုအတွင်းဖြစ်စေ၊
အခြားသောဓာတ်များနှင့် ဓာတုတုံ့ပြန်မှုဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ဒြပ်ပေါင်းများထွက်ရှိလာသဖြင့်
ဂေဟစနစ်ကိုလည်း ပျက်စီးစေပါသည်။ ငှက်များသည် ကြေမွနေသော ပလတ်စတစ်အိတ်များကို အစာအဖြစ်
မကြာခဏမှားယွင်းစားသောက်မိကြသည်။ ဆာလောင်မွတ်သိပ်နေသော ပင်လယ်လိပ်များသည် ရေခူနှင့်
ရေပေါ်ပလတ်စတစ်အိတ်များကို ခွဲခြားနိုင်စွမ်း မရှိသလောက်ဖြစ်သည်။
လူ့သမိုင်းတွင် စက်မှုတော်လှန်ရေးကာလအတွင်း တစ်ခါသုံးထုတ်ကုန်များကို
ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ သို့သော် ယင်းကာလပြီးဆုံး၍ ခေတ်သစ်သို့အရောက်တွင် ပလတ်စတစ်သည်
ဈေးပေါပြီး အရေအတွက်များစွာ ရရှိနိုင်သည့် ထုပ်ပိုးပစ္စည်း အရင်းအမြစ်ဖြစ်လာခဲ့သည်။
လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ် အသုံးပြုနေရသည့် ပစ္စည်းဖြစ်လာသည်။ သို့သော်လည်း ယခုအခါ
ပလတ်စတစ်ညစ်ညမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်တို့သာမက ဂေဟစနစ်တစ်ခုလုံးကို ဘေးဥပဒ်ပေးနိုင်သည့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသည်။ တစ်နည်းဆိုရလျှင် လူသားတို့၏ ပယောဂကြောင့်ဖြစ်ပေါ်လာရသည့်
ကမ္ဘာလုံးဆိုင်ရာကပ်ဘေးတစ်ခု ဖြစ်လာသည်။ ယခုအခါအလွန်သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများကိုပင်လျှင်
လူတို့၏ ခန္ဓာကိုယ်အတွင်း စတင်တွေ့ရှိနေရပြီဖြစ်ရာ နိုင်ငံအသီးသီးအနေဖြင့် ပလတ်စတစ်ထိန်းချုပ်မှုကို
အလေးထား မလုပ်ဆောင်နိုင်ပါက မမျှော်မှန်းနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း
ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂ဝ၅ဝ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ
သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပလတ်စတစ်
ညစ်ညမ်းမှု အများဆုံးနိုင်ငံဖြစ်လာပြီး နှစ်စဉ် တန်ချိန် ၉ ဒသမ ၃ သန်း စွန့်ပစ်နေကြောင်း
မကြာသေးမီကထုတ်ပြန်ခဲ့သော Nature လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ယင်းပမာဏသည် ကမ္ဘာတစ်ဝန်း
ပလတ်စတစ်စွန့်ပစ်မှု၏ ငါးပုံတစ်ပုံခန့်ရှိနေကြောင်းနှင့် ပလတ်စတစ်စွန့်ပစ်မှု ဒုတိယ
အများဆုံးသည် တန်ချိန် ၃ ဒသမ ၅ သန်းဖြင့် နိုင်ဂျီးရီးယားနိုင်ငံဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင်
ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပမာဏ သည် ၅၂ ဒသမ ၁ တန်အထိရှိခဲ့ကြောင်း နိုင်ငံတကာ
သတင်းများတွင် ဖော်ပြထားသည်။ ပလတ်စတစ်များကို ပတ်ဝန်းကျင်မှ ဖယ်ရှားရန်မှာ ကုန်ကျစရိတ်
များစွာရှိသည်။ သေးငယ်သော နည်းလမ်းများမှ ကြီးမားသောအကျိုးကိုရရှိမည်ဖြစ်သည်။ စနစ်တကျစွန့်ပစ်ခြင်း၊
သုံးစွဲမှုကန့်သတ်ခြင်းများ စတင်သည့်နေရာမှလုပ်ဆောင်ကြရမည်။ ဒဏ်ငွေ ရိုက်ခြင်းများသည်
လုပ်ဆောင်ရန် ခက်ခဲသော်လည်း နိုင်ငံကြီးများတွင် ကျင့်သုံးနေကြသည်။ ဖော့ဘူးသုံးခြင်း၊
တစ်ခါသုံးပလတ်စတစ် များသုံးခြင်းကို တားမြစ်ခြင်း၊ ယမကာပုလင်းများကို ပြန်လည်ပြုပြင်သောနေရာသို့
ပို့ပေးလျှင် ငွေပြန်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြသည်များ ရှိသည်။
ပလတ်စတစ်အိတ်ပေါင်း တစ်ဘီလီယံကျော်
သိမ်းဆည်းနိုင်ခဲ့
တစ်ခါသုံးပလတ်စတစ်များ သုံးခြင်းကို
ကိုယ်တိုင်လျှော့ချနိုင်သည်။ ဈေးဝယ်သွားရာတွင် အိမ်တွင်ရှိသော ပလတ်စတစ်အိတ်၊ အဝတ်အိတ်များကို
ယူဆောင်သွားလျှင် တစ်ကမ္ဘာလုံးအတိုင်း အတာနှင့်ဆိုလျှင် သိသာစွာ လျော့ကျသွားမည်ဖြစ်သည်။
အချို့ဈေးဝယ်စင်တာများ တစ်ပတ်လျှင်တစ်ရက် ပလတ်စတစ်အိတ်မသုံးသောနေ့ သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံ
မယ်ဆိုင်မြို့ရှိ လိုတက်စ် ဈေးဝယ်စင်တာတွင် ဈေးဝယ်ရန်အတွက် ကိုယ်ပိုင် အိတ်များယူသွားရသည်။
အိတ်မပါလျှင် ပလတ်စတစ်အိတ်တစ်လုံးကို တစ်ဘတ်နှင့်ဝယ်ရသည်။ နယူးဇီလန် နိုင်ငံသည် ၂ဝ၂၃
ခုနှစ် ဇူလိုင်လ ၁ ရက် နေ့မှစတင်ပြီး နိုင်ငံရှိ စူပါမားကတ်များတွင် ပလတ်စတစ်အိတ်များ
သုံးစွဲမှုကို ပိတ်ပင်တားမြစ်လိုက်သည်။ ၂၀၁၉ ခုနှစ်မှစတင်ပြီး ဈေးဝယ်ရာတွင် ကိုယ်ပိုင်အိတ်များကိုသာ
ယူဆောင်သွားလေ့ရှိကြသည်။ ၎င်းနှစ်တွင် အထူစားပလတ်စတစ်အိတ် များကို တားမြစ်ခဲ့ပြီး သက်ဆိုင်ရာမှ
သိမ်းဆည်းခဲ့ရာ ပလတ်စတစ်အိတ်ပေါင်း တစ်ဘီလီယံကျော်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စူပါမားကတ်များတွင် ပလတ်စတစ်အိတ်သုံးစွဲမှု
ပိတ်ပင်လိုက်ခြင်းမှာ ကမ္ဘာပေါ်တွင် ပထမဆုံးနိုင်ငံ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲမှုကို ပိတ်ပင်သည့်
မူဝါဒထုတ်ပြန်ခဲ့သည်။ ပလတ်စတစ်ရေဘူး၊ ဖျော်ရည်ဘူးများကို မသောက်ခြင်းဖြင့် မိုက်ခရိုပလတ်စတစ်များကို
ရှောင်နိုင်မည်ဖြစ်သည်။ ပလတ်စတစ် ပုတီးစေ့အသေးလေးများကို ဆန့်ကျင်ရန်၊ အစားအသောက်ထည့်ရန်
အိမ်မှယူသွားခြင်း၊ ဖန်၊ ကြွေခွက်၊ စတီးခွက်များ၊ သဘာဝပစ္စည်းဖြစ်သော ဖက်ရွက်၊ အင်ဖက်ရွက်၊
ဝါး၊ သစ်သားနှင့်လုပ်သောပစ္စည်းများ ကို အစားထိုးသုံးစွဲနိုင်သည်။ ပလတ်စတစ်ထုတ်ကုန်
များကို ထိန်းသိမ်းခြင်း၊ ပြန်လည်ပြုပြင်ခြင်းဖြင့် ရေရှည်သုံးစွဲလျှင် စွန့်ပစ်ပစ္စည်းများ
လျော့သွားမည်ဖြစ်သည်။ မသုံးစွဲလျှင်ရောင်းခြင်း၊ လှူခြင်းဖြင့် လိုအပ်သူများ သုံးနိုင်မည်ဖြစ်သည်။
ပြန်လည်ပြုပြင် သုံးစွဲရန်အတွက် ဒီဇိုင်းထုတ်ရန်၊ ပြန်လည်ပြုပြင် သုံးစွဲခြင်းကို မြှင့်တင်ရန်နှင့်
ပျက်စီးလွယ်သည့် ပလတ်စတစ်ကို ပိုအသုံးပြုရန် စသည့်နည်းလမ်းများဖြင့် ပလတ်စတစ်အန္တရာယ်ကို
လျှော့ချရန်ကြိုးပမ်းနေကြသည်။ ပြန်လည်ပြုပြင် သုံးစွဲနိုင်သော ပလတ်စတစ်ပစ္စည်းများ
စွန့်ပစ်သော ပုံးများထားပေးရန်လိုပြီး မှန်ကန်စွာထည့်သော အကျင့်ကို လေ့ကျင့်ကြရမည်ဖြစ်သည်။
ရက်ပေါင်း ၉ဝ အတွင်း ဆွေးမြည့်
ယနေ့ကမ္ဘာ့ဈေးကွက်တွင် ပလတ်စတစ်ကင်းသောထုတ်ကုန်များ
ခင်းကျင်းပြသရန် ကမ်းလှမ်းနေကြပြီ ဖြစ်သည်။ မိုက်ခရိုပလတ်စတစ်ကင်းသော မျက်ခုံးမွှေးဆွဲခဲတံ၊
နှုတ်ခမ်းနီ၊ သစ်သား/ဝါးနှင့် လုပ်သော သွားတိုက်တံ၊ စုတ်တံ၊ ဝက်မှင်ဘီးနှင့် သဘာဝချည်နှင့်ဖန်တီးသော
တီရှပ်အထိဖြစ်သည်။ ကြံဖက်မှ စာရွက်အကြမ်း၊ တစ်ခါသုံး ဘူးခွက်များ၊ ပန်းကန်များ ထုတ်နိုင်ပြီး
ရက်ပေါင်း ၉ဝ အတွင်း ဆွေးမြည့်သွားသည်။ တစ်ဦးတစ်ယောက်ချင်းစီသည် ပလတ်စတစ်များကိုလျှော့သုံးခြင်း၊
စနစ်တကျစွန့်ပစ်မည်ဆိုလျှင် တောရိုင်းတိရစ္ဆာန်၊ ပင်လယ်သတ္တဝါများကို ကာကွယ်နိုင်သည်။
မြစ်ချောင်းများသန့်ရှင်းပြီး ပင်လယ်သမုဒ္ဒရာကို ထိန်းသိမ်းနိုင်မည်။ လူ့အသိုင်းအဝိုင်းတွင်
ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ် လျော့နည်းသွားမည့်အပြင် ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချနိုင်သည်။
နိုင်ငံအလိုက်ပြင်းထန်သော ဥပဒေများချမှတ်ခြင်း၊ နည်းဗျူဟာအသစ်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့်
အရေးယူဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက် လုပ်ဆောင်ရန်လိုသည်။ ကုန်းနေ၊ ရေနေသတ္တဝါများ
၏ အသက်အန္တရာယ်နှင့် နေထိုင်မှုကို ကာကွယ်ရန်၊ ဂေဟစနစ်ကို ထိန်းသိမ်းရန်အတွက် ပလတ်စတစ်
ထုတ်ကုန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေသည်။
ပလတ်စတစ်အညစ်အကြေး တန်ချိန်ပေါင်း
သန်း ၄၀၀ ဝန်းကျင် ထွက်ရှိ
ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း
ပလတ်စတစ် အညစ်အကြေး တန်ချိန်ပေါင်း သန်း ၄၀၀ ဝန်းကျင် ထွက်ရှိနေသည်။ ယင်းပလတ်စတစ်အိတ်အများစုကို
မိနစ်အနည်းငယ်ကြာအသုံးပြုပြီးနောက် စွန့်ပစ်ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းသူများက ယခုနှစ်အတွင်း
ပလတ်စတစ်အညစ်အကြေးနှင့် ပတ်သက်၍ ကမ္ဘာ့ပထမဆုံး သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ရန်
မျှော်မှန်းထားကြသည်။ အေအက်ဖ်ပီ သတင်းဌာန၏ တွေ့ရှိချက်အရ မတူညီသောနိုင်ငံပေါင်း ငါးနိုင်ငံ၌
ဈေးသက်သာပြီး အဆင်ပြေပြေ ရွေးချယ် အသုံးပြုနိုင်သောကြောင့် တစ်ခါသုံးပလတ်စတစ်အိတ်များသည်
လူကြိုက်များလျက်ရှိသည်။ ယင်းနိုင်ငံ ငါးနိုင်ငံ၏ စိန်ခေါ်မှုရှိသော အခြေအနေများကို
ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကပ်ရောဂါမတိုင်မီက တစ်ခါသုံးပလတ်စတစ်အိတ်ကို
အကန့်အသတ်ဖြင့် အသုံးပြုမှုစတင်ခဲ့ပြီး လက်လီ အရောင်းဆိုင်ကြီးများအား ပလတ်စတစ်အိတ်များကို
အခမဲ့ပေးခြင်းအား ရပ်တန့်ရန်တိုက်တွန်းခဲ့သည်။ သို့သော် လမ်းဘေး ဈေးဆိုင်အချို့ကသာ
ယင်းမူဝါဒကို လိုက်နာပြီး အများစုကမူ လျစ်လျူရှုခဲ့ကြသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း
ပလတ်စတစ်အညစ်အကြေး တန်ချိန်နှစ်သန်းထွက်ရှိသည်ဟု နိုင်ငံ၏ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက
ထုတ်ပြန်ထားသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ၁၁ ရာခိုင်နှုန်းကို သိမ်းဆည်းခြင်းမရှိဘဲ
ယင်းပလတ်စတစ်များသည် လောင်ကျွမ်းခြင်း၊ အမှိုက်ပုံများတွင် စုပုံနေခြင်း သို့မဟုတ်
မြစ်များနှင့် သမုဒ္ဒရာများသို့ ယိုစီးသွား ခြင်းများရှိနေကြောင်း ဆိုသည်။
၅၀၀ မီလီမီတာ ပလတ်စတစ်ရေအိတ် နှစ်ထုတ်၏တန်ဖိုးမှာ
နိုင်ဂျီးရီးယားနိုင်ငံသုံး ငွေကြေး နိုင်ရာ ၅ဝ မှ ၂၅၀ ကြားရှိပြီး ၇၅၀ မီလီမီတာ ရေသန့်တစ်ဘူး၏
တန်ဖိုးမှာ နိုင်ရာ ၂၅ဝ မှ ၃ဝဝ ကြားရှိသည်။ ယင်းပလတ်စတစ် ရေအိတ်များ ပေါ်ပေါက်လာသည့်
၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကတည်းက အာဖရိကတစ်ဝန်းတွင် ၎င်းတို့သည် အဓိကညစ်ညမ်းမှုများဖြစ်လာသော်လည်း
ယင်းရေအိတ်များသည် သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် လျှော်ဖွပ်ရန်တို့အတွက်သာ အသုံးများကြသည်။
လာဂို့စ်တွင် ထိုပလတ်စတစ်ရေအိတ်များ ထုတ်လုပ်သည့် ကုမ္ပဏီ ၂ဝဝ ခန့်ရှိပြီး အများစုမှာ
ပြန်လည်အသုံးပြုနိုင်သည့် ပလတ်စတစ်အိတ်များကို အသုံးပြုကြသည်။ အထူးသဖြင့် အများပြည်သူသုံးအမှိုက်ပုံ
နည်းပါးပြီး သဘာဝပတ်ဝန်းကျင်ပညာပေးမှု အကန့်အသတ်သာရှိသည့် နိုင်ဂျီးရီးယားနိုင်ငံတွင်
အညစ်အကြေးပမာဏသည် ပြန်လည်အသုံးပြုနိုင်သော ပမာဏထက် ပိုမိုများပြားနေသည်။ လာဂို့စ်သည်
တစ်ခါသုံးပလတ်စတစ်အိတ် အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့သော်လည်း ထိရောက်မှုအားနည်းခဲ့သည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ နိုင်ဂျီးရီးယားနိုင်ငံတစ်ဝန်းတွင် နေ့စဉ်နေ့တိုင်း ပလတ်စတစ်ရေအိတ်
သန်း ၆၀ အထိ စွန့်ပစ်မှုများ ရှိနေသည်ဟု ဆိုသည်။
ရီယိုဒီဂျနေးရိုး၏ အလှပဆုံးကမ်းခြေများတွင်
နေ့စဉ်နေ့တိုင်း ဈေးသည်များသည် ဖျော်ရည်များကို သတ္တုပုံးများအတွင်းသို့ ထည့်၍ နေပူစာလှုံနေကြသော
အပန်းဖြေသူများကို ပလတ်စတစ်ခွက်များဖြင့်ထည့်၍ ရောင်းချလေ့ရှိသည်။ ၂၀၁၉ ခုနှစ် တွင်
စတုတ္ထမြောက် ပလတ်စတစ်အညစ်အကြေး အထုတ်ဆုံး နိုင်ငံစာရင်းတွင် ရပ်တည်နေသည့် ဘရာဇီးနိုင်ငံတွင်
ယင်းကဲ့သို့ ရောင်းချမှုသည် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိကြောင်း အသက် ၄၇ နှစ်အရွယ်
ဈေးသည်တစ်ဦးဖြစ်သည့် အာသာဂျော့ချ်ဒါဆေဗာက ဆိုသည်။ ပိုမိုသက်သာပြီး အသုံးပြုရလွယ်သည့်
ရွေးချယ်မှုများမရှိကြောင်း ၎င်းကဆိုသည်။ ရီယို၏ကမ်းခြေများ တစ်လျှောက်ရှိ အမှိုက်ပုံများတွင်
နေ့အလိုက် အညစ်အကြေး တန် ၁၃၀ ခန့် ရှိသော်လည်း ပလတ်စတစ် အမှိုက်ဟူ၍ ခွဲခြားထားခြင်းမရှိဘဲ
ဘရာဇီးနိုင်ငံ အညစ်အကြေးများ၏ သုံးရာခိုင်နှုန်းကိုသာနှစ်စဉ် ပြန်လည်အသုံးပြုကြသည်။
မြေဆွေး သို့မဟုတ် သဘာဝပစ္စည်းများ
၂ဝ၁၈ ခုနှစ်ကတည်းက ရီယို၏စားသောက်ဆိုင်များနှင့်ဘားများတွင်
ပလတ်စတစ်ပိုက်မျာ ကို အသုံးမပြုရန်နှင့် ဈေးဆိုင်များတွင် ပလတ်စတစ် အိတ်များကို အခမဲ့မပေးရန်
တားမြစ်ပိတ်ပင်ထား သော်လည်း အများစုသည် ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ ပြင်သစ်နိုင်ငံတွင်
၂၀၁၆ ခုနှစ် ကတည်းက တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားသည်။ ပိုက်များနှင့်
ပလတ်စတစ်ဇွန်း၊ ခက်ရင်းနှင့် ဓားကဲ့သို့ပစ္စည်း ပျောက်ကွယ်သွားသော်လည်း ပလတ်စတစ်အိတ်များကိုမူ
ဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်။ ပါရီ၏ အလီဂရီဈေးတွင် ဈေးဆိုင်များ၌ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့်
ပလတ်စတစ်အိတ်အထုပ်များကို ဈေးဝယ်သူများအတွက် စီစဉ်ပေ ထားသည်။ အိတ်အများစုတွင် ၁ဝဝ ရာခိုင်နှုန်း
ပြန်လည်အသုံးပြုနိုင်ဟူသည့် တံဆိပ်တပ်ထားသော်လည်း အချို့အိတ်များတွင်မူ မြေဆွေး သို့မဟုတ်
သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။ ကျွမ်းကျင်သူများသည် ယင်းအခိုင်အမာပြောကြားချက်အချို့၏
သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို မေးခွန်း ထုတ်ခဲ့ကြသည်။
ဒူဘိုင်းရှိ အယ်လိုဘေရွတ် စားသောက်ဆိုင်တွင်
ပလတ်စတစ်ဖော့ဘူးများကို ထပ်ထားပြီး အစားအသောက်များကို ယင်းဖော့ဘူးများအတွင်းသို့ ထည့်ကာ
လိုက်လံပို့ဆောင်ရန် ပြင်ဆင်ထားသည်။ လမ်းသွားလမ်းလာနည်းပါးပြီး ပူပြင်းသောရာသီဥတုကြောင့်
လူဦးရေ ၃ ဒသမ ၇ သန်းရှိသည့် ဒူဘိုင်းတွင် အများစုသည် ဓာတ်ဆီမှအစ ကော်ဖီအထိ အရာအားလုံးအတွက်
ပစ္စည်းပို့ဆောင်မှုအပေါ် မှီခိုအားထားကြသည်။ ယူအေအီးတွင် နေထိုင်သူများသည် ကမ္ဘာပေါ်တွင်
တစ်ဦးချင်း အလိုက် အမှိုက်ပမာဏ အများဆုံးထွက်ရှိသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။
တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုသည် နိုင်ငံတွင်းရှိ အသုံးပြု သော ပလတ်စတစ်အားလုံး၏ ၄၀
ရာခိုင်နှုန်းရှိသည်။ ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ပလတ်စတစ်အိတ်အသုံးပြုမှုကို
လျှော့ချခြင်း၊ ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း၊
အသုံး ပြုပြီးသော ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်း အဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း၊
အသုံးပြုပြီးသော ပလတ်စတစ်အိတ်ခွံများကို စုစည်း၍ ပြန်လည်အသုံးပြုနိုင်သော နေရာများသို့
ပြန်လည်ပေးပို့ခြင်း စသည့်နည်းလမ်း ငါးသွယ်ကို လုပ်ဆောင်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှု
ကို လျှော့ချသင့်ကြောင်း ရေးသားလိုက်ရပါသည်။

No comments