ကျန်းမာရေးအသိရှိကြလို့ အရက်သေစာရှောင်ကြစို့
လင်းလက်နေခြည်
သတိပြုမိဖို့
“ပျော်ရွှင်ခြင်း၊ စိတ်ဆင်းရဲခြင်း၊
ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း” စသည့် ခံစားချက်များသည်
လူငယ်တို့ နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေရသည့် စိတ်ခံစားချက်များပင်ဖြစ်သည်။ စိတ်ဖိစီးမှုများအပါအဝင်
လူမှုပတ်ဝန်းကျင်တွင် နိစ္စဓူဝတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကြောင့် စိတ်ပျက်အားလျော့ကာ
စိတ်ဓာတ်ကျခြင်းဆိုသော ရောဂါများကိုပါခံစားရသည်။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော
ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်များအတွက်မူ အခက်အခဲများကို ရင်ဆိုင်ရသည့်အချိန်တွင်
လက်လျှော့တတ်ခြင်းနှင့် စိတ်ဖြေစရာအရာများကို မှားယွင်းစွာရှာဖွေခြင်းများ မရှိစေရေး
အထူးသတိပြုမိရန် လိုအပ်သည်။
“အားကစားပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊
စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ ခရီးထွက်ခြင်း၊ မိသားစုနှင့် အချိန်ပေးခြင်း” စသည့်အပြုအမူများဖြင့် စိတ်ဖိစီးမှုများ
လျော့ကျအောင် ကြိုးစားဆောင်ရွက် ကြဖို့လိုသည်။ စိတ်ဖိစီးမှုများ ခံစားရသည့်အချိန်တွင်
စိတ်ပြေပျောက်စေရေးအတွက် အပျော်အပါးလိုက်စားကာ အရက်သေစာ သောက်စားခြင်းဆိုသည့် စိတ်ရောကိုယ်ပါ
ကျန်းမာရေးကို ထိခိုက်စေသည့် မကောင်းသောလုပ်ရပ်များဖြင့် အချိန် မကုန်မိကြစေရေး သတိပြုသင့်သည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည့်အချိန်တွင် ၃၈ ဖြာမင်္ဂလာတရားတော်များနှင့်အညီ ပြုမူပြောဆို
နေထိုင်ကြသည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ အနောက်တိုင်းယဉ်ကျေးမှုများက စီးဝင်ပျံ့နှံ့လာနေပြီဖြစ်သည်။
ခေတ်နှင့်အညီဆိုရာတွင်
အရက်နှင့် ဘီယာက အစပြု၍ အဖျော်ယမကာများကို
သောက်သုံးကာ ပျော်ပါးတတ်သည့် ဓလေ့သည် မြန်မာ့လူငယ်များ၏ နေ့စဉ်လူနေမှုဘဝသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုများ လျော့ပါးလာသည့်အချိန်တွင် လူငယ်များ၏ စုဝေးရာနေရာသည်
အရက်နှင့် အဖျော် ယမကာများကို လိုသလောက် ဝယ်ယူသောက်သုံးနိုင်သော နေရာများသို့ ရောက်ရှိသွား
တတ်ကြသည်။ စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များ အင်အားချည့်နဲ့လာသည့်အချိန်တွင် စာအုပ်စာပေများအစား
အွန်လိုင်း မီဒီယာများက နေရာယူလာကြသည်။ ထိုအချိန်တွင် ဝိသမလောဘသားများက အွန်လိုင်းမီဒီယာများမှတစ်ဆင့်
ကြော်ငြာအားကောင်းကောင်းဖြင့် အခုသောက် အခုပေါက်ဆိုသည့် မဲဖောက်ပေးခြင်းက အစပြု၍ လူငယ်များ၏
စိတ်ကို နှိုးဆွနေသည်။ လူငယ်များနေ့စဉ် ဘဝသို့ အရက်နှင့် အဖျော်ယမကာများကို မရောက်
ရောက်အောင် နည်းလမ်းပေါင်းစုံအသုံးပြု၍ ပို့ဆောင်နေကြပြီဖြစ်သည်။
ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ နေထိုင်ရမည်မှာ
လူငယ်များ၏ တာဝန်ပင်ဖြစ်သော်လည်း “ရှေးထုံးလည်းမပယ်နှင့် ဈေးသုံးလည်းမလွယ်နှင့်” ဆိုသည့် စကားနှင့်အညီ လူမှုဆက်ဆံရေးနယ်ပယ်တွင်
ကြားခံကိရိယာ တစ်ခုဖြစ်လာသည့် အရက်၊ ဘီယာနှင့် အဖျော်ယမကာဆိုသည့်အရာကို ရှေးလူကြီးသူမများ၏
ဆုံးမစကားများနှင့်အညီ ရှောင်ရှားနိုင်ကြရမည်ဖြစ်သည်။ “ဓားကိုဖျက်တော့ ဝါးမျက်၊ လူကိုဖျက်တော့
အရက်” ဆိုသည့် စကားနှင့်အညီ လူတို့၏ စိတ်အစဉ်ကို ညစ်ညူးစေပြီး သွေးဆူကာ မကောင်းမှုဒုစရိုက်များကိုပင်
ကျူးလွန် စေတတ်သောအရာဖြစ်သည့် အရက်ဆိုသောအရာကို ကျန်းမာရေးရှုထောင့်က တွေးတောဆင်ခြင်ကာ
ရှောင်ကြဉ်ကြရန်လိုအပ်သည်။
ခက်ထန်ကြမ်းတမ်းစေသည်
အရက်သည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့်အချိန်တွင်
သွေးဆူခြင်းဆိုသည့် ဖြစ်ရပ်နှင့်အတူ ဦးနှောက်၏ လုပ်ဆောင်မှုများကို ရပ်ဆိုင်းသွားစေသဖြင့်
စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကင်းမဲ့သွားစေသည်။ သွေးဆူလာသည့်အချိန်တွင် ပြုမူ၊ ပြောဆို၊
လုပ်ကိုင်ဆောင်ရွက်မှုတိုင်းက ကြမ်းတမ်းခက်ထန်လာမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်သည်။ နှလုံးသွေးတို့
ဆူပွက်လာပြီး အရက်၏ ခိုင်းစေရာသို့ လိုက်ပါဆောင်ရွက်ရသဖြင့် မိတ်ဆွေအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းကအစပြု၍
“အဖေက သားကို သတ်မိခြင်း၊ သားက အဖေကိုသတ်မိခြင်း၊ အရက်ဖိုးတောင်း၍မရသဖြင့် အမေကိုသတ်မိခြင်း”
စသည့် လူသားတစ်ဦးအနေဖြင့် မပြုလုပ်အပ်သော လူမဆန် သည့်လုပ်ရပ်များကို ပြုလုပ်မိတတ်ကြသည်။
လူသားများပင်မဆိုထားနှင့် အဟိတ်တိရစ္ဆာန်များသည်ပင်
အရက်သေစာ သောက်စားမိသည့်အခါတွင် နဂိုရှိရင်းစွဲ စိတ်ရိုင်းတို့ထက် အဆပေါင်းများစွာ
ပိုမိုခက်ထန်ကြမ်းတမ်းသွားတတ်သည်ကို မြတ်စွာဘုရားရှင်၏ အောင်ခြင်းရှစ်ပါးအနက်မှ နာဠာဂီရိဆင်ကို
အောင်မြင်တော်မူခန်းတွင် တွေ့ရှိနိုင်သည်။
အနာဂတ်ကြယ်ပွင့်များ ဆုံးရှုံးနေရ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရအရက်သည်
ရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်စေနိုင်သည်ဟုသိရပြီး နှစ်စဉ် လူဦးရေ ၂ ဒသမ ၆ သန်းခန့်သည်အရက်နှင့်
အဖျော်ယမကာတို့ကပေးသော ကျန်းမာရေး ဆိုးကျိုးများကြောင့် သေဆုံးနေရသည်ဟု သိရသည်။ “ဦးနှောက်နှင့်
အာရုံကြောများကို ထိခိုက်စေခြင်း၊ အသည်းရောဂါများဖြစ်ပွားစေခြင်း၊ နှလုံးကိုထိခိုက်စေခြင်း၊
အစာအိမ်ရောဂါများဖြစ်ပွားစေခြင်း၊ ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေခြင်း၊ အဆုတ်ရောဂါများ
ဖြစ်ပွားစေခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲစေခြင်း၊ အရိုးပွရောဂါကဲ့သို့သော ရောဂါများဖြစ်ပွားစေခြင်း”
စသည့် မရေမတွက်နိုင်သော ရောဂါများဖြစ်ပွားစေတတ်သဖြင့် သတိပြုဆင်ခြင်အပ်သည်။ အရက်သောက်သည့်အခါ
အစားအသောက်ပျက်ခြင်းကို ဖြစ်ပွားစေတတ်သဖြင့် အစာအိမ်ရောဂါအပါအဝင် ရောဂါများဖြစ်ပွားစေပြီး
ခန္ဓာကိုယ်ခုခံစွမ်းအားကို ကျဆင်းစေသဖြင့် အခြားရောဂါများကိုပါ ဖိတ်ခေါ်နေသကဲ့သို့
ဖြစ်နေသည်။
ကမ္ဘာပေါ်တွင် အရက်နှင့် အဖျော်ယမကာ
သောက်သုံးခြင်းဖြင့် သေဆုံးသူစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းသည် အသက် ၂၀ မှ ၃၉ နှစ်အတွင်းရှိ
နုနယ်ပျိုမျစ်သော ဘဝကိုပိုင်ဆိုင်ထားသည့် လူငယ်များဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာလူငယ်များ
ထိုအထဲတွင်မပါဝင်စေရေးက အဓိကပင်ဖြစ်သည်။ လူတို့၏ဘဝကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့
ဆွဲတင်စေနိုင်သောအရာသည် စဉ်းစားဆင်ခြင်နိုင် စွမ်းဖြစ်သည်။ မြတ်စွာဘုရားရှင်က ဘဝတွင်
အရေးကြီးဆုံးသောအရာသည် ကိုယ်ကျင့်တရားနှင့် ပညာဖြစ်သည်ဟု ဟောကြားခဲ့သည်။ ပညာဉာဏ် နှင့်တူသော
စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကင်းမဲ့စေ သော အရက်သေစာကို သောက်စားသူသည် ကိုယ်ကျင့်တရား
ဖောက်ဖျက်သည့် အပြုအမူများကို ပြုလုပ်တတ်ကြသဖြင့် ဘဝအတွက် အရေးကြီးသည့် ကိုယ်ကျင့်တရားနှင့်
ပညာကို ပျက်စီးဆုံးရှုံးစေသော အရက်ကို လူငယ်များသောက်မိနေသည့် အလေ့အကျင့်ဆိုးများမှ
ကင်းဝေးနေရန် လိုအပ်သည်။
လူမှုရေးပျက်စေသောအရာ
မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းဖက်ရခြင်း၊
လူမိုက်နှင့် ဝေးကွာစွာနေထိုင်ရခြင်းတို့သည် မင်္ဂလာတစ်ပါးပင် ဖြစ်သည်ဟု မြတ်စွာဘုရားရှင်က
ဟောကြားခဲ့သည်။ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားဘဝသို့ ရောက်နေသူများနှင့်ပေါင်း၍ ကိုယ်တိုင်မူးယစ်ရမ်းကားဘဝသို့
ရောက်ရှိသွားမည်ဆိုပါက လူမှုပတ်ဝန်းကျင် အတွက် အသုံးမဝင်သော လူငယ်များဖြစ်သွားမည်ဖြစ်သည်။
အရက်သေစာ သောက်စားမိသည့်အခါ အပြောအဆိုခက်ထန်ကြမ်းတမ်းလာပြီး ခိုက်ရန်ဖြစ်ပွားခြင်း
အထိဖြစ်တတ်သဖြင့် မိတ်ပျက်စေသော အရက်ကို မသောက်မိစေရေး လူငယ်များ ကြိုးစားရမည် ဖြစ်သည်။
အရက်သောက်သုံးသည့်အခါ အရက်ကပေးသော အဆိပ်တို့သည်
ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် အဆိပ်အတောက်များကို
တုံ့ပြန်နိုင်ရေးအတွက် အသည်းက တာဝန်ယူပေးရသည်။ အရက်ကို အကြိမ်ကြိမ်သောက်သုံးမိသည့်အခါတွင်
အဆိပ်အတောက်များ၏ဒဏ်ကို အကြိမ်ကြိမ်ခံစားနေရသည့် အသည်းသည် အသည်းခြောက်ခြင်းတည်း ဟူသော
ရောဂါကို လက်ခံလိုက်ရသည်။ လန်းဆန်း တက်ကြွသည့်အရွယ်တွင် ဘဝအတွက် အရေးကြီးသောအရာများကို
ရှာဖွေလုပ်ကိုင်ကြရမည့် လူငယ် များအတွက် တွေးခေါ်မြော်မြင်နိုင်စွမ်း ကင်းမဲ့စေသည့်
အရက်သေစာသောက်စားခြင်းကို ရှောင်ရှား သင့်ပေသည်။
“အရက်ကြောင့် အအိပ်ပျက်၊ အရက်ကြောင့်
လူသတ်၊ အရက်ကြောင့် သူတစ်ပါးသားမယား ပြစ်မှား၊ အရက်ကြောင့် မိဘကို ပြန်သတ်၊ အရက် ကြောင့်
ညီအစ်ကိုအရင်းကိုသတ်” စသည့် လူတစ်ဦးအနေဖြင့် မပြုလုပ်သင့်သည့် အရာများကို ပြုလုပ် မိနေကြသည့်
သတင်းများကို စိတ်မကောင်းဖွယ်ရာ ဖတ်ရှုနေရသည်။ လူငယ်အများစုသည် အပေါင်းအသင်းများနှင့်ပျော်ရွှင်လိုသည့်
ဆန္ဒဖြင့် အရက်သောက်ကြသည်။ အရက်သောက်ရင်း စိတ်ရော ကိုယ်ပါ ပျော်ပါးမိချိန်တွင် စဉ်းစားဆင်ခြင်နိုင်စွမ်း
ကင်းမဲ့သွားပြီး ခိုက်ရန်ဖြစ်ပွား၍ ရဲစခန်းသို့ရောက်ရ သည့်သတင်းများကလည်း လူမှုပတ်ဝန်းကျင်တွင်
ကြားနေရသည်။ စိတ်ပျော်ရွှင်မှုကို ရလို၍ သောက်မိ သည့် အရက်သည် အပျော်မှအပျက်သို့ ရောက်ရှိ
သွားတတ်လေသည်။
မြန်မာလူငယ်များသည် ဉာဏ်ပညာအရာတွင်
ခေကြသူများမဟုတ်ပေ။ “စဉ်းစားဆင်ခြင်နိုင်စွမ်း၊ တွေးခေါ် မြော်မြင်နိုင်စွမ်း၊ တီထွင်နိုင်စွမ်း”များက
သူတစ်ကာထက်သာလွန်သောသူများ ဖြစ်ကြသည်။ သို့ရာတွင် ထူးချွန်ထက်မြက်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်
မြန်မာလူငယ်များသည် သုရာဆိုသော သေရည်အရက်ကြောင့် မဆုံးရှုံးသွားဖို့လိုသည်။ မြတ်စွာဘုရားရှင်ဟောကြားသော
ငါးပါးသီလတွင် တစ်ခုအပါအဝင်ဖြစ်သည့် “သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာ ပဒံ သမာဓိယာမိ”
ဆိုသည်နှင့်အညီ အရက်သေစာသောက်စားခြင်းကို ထာဝရရှောင်ရှားကြခြင်းဖြင့် ဘဝခရီးလမ်းကို
ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရည်ရွယ်တင်ပြလိုက်ရသည်။
ရည်ညွှန်းကိုးကား
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Website
(https://www.who.int/)၊
- နေ့စဉ်ထုတ်သတင်းစာများ။

No comments