ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာ ဟမဟာဗောဓိစေတီတော်၌ ကျင်းပသည့် အသံမစဲ မဟာပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်



နေပြည်တော် အောက်တိုဘာ ၁၃

(၂၄) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာဟမ ဟာဗောဓိစေတီတော်ရှိ ပွင့်စေတီပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တတ်ရောက်ကြသည်။


ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ အခမ်းအနား ဖွင့်လှစ်၍ နတ်ဗြဟ္မာများပင့်ဖိတ်ပြီး သံဝေဇနိယလေးဌာန ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ဥတ္တရသီရိမြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပဋ္ဌာန်းပရိတ်ရေများနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ ပဋ္ဌာနဘာဏက ဆရာတော်က ပဋ္ဌာန်းကျမ်းမြတ် ဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။


ထို့နောက် မဟာဗောဓိစေတီတော်ရှိ ဂေါပကအဖွဲ့ရုံးခန်း၌ ပြည်ထောင်စုဝန်ကြီးက သတ္တသတ္တာဟ သံဝေဇနိယ လေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော်အကြီးအကဲ လာရောက်စဉ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သံဝေဇနိယ လေးဌာန ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကိုလည်း မကြာမီတွင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့ အနေဖြင့် ဂေါပကစည်းမျဉ်းနှင့်အညီ ဘဏ္ဍာငွေသုံးစွဲမှုများကို ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။


ထို့ပြင်နေပြည်တော်ကောင်စီဥက္ကဋ္ဌက သံဝေဇနိယလေးဌာနသို့ သွားရာကားလမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ဖွား၊ ပွင့်၊ ဟော၊ စံ နေရာများ သန့်ရှင်းသာယာစေရေး ဆောင်ရွက်သွားရန်၊ တရားစခန်း နေရာများကို ပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ အဆောက်အဦများပေါ်တွင် ပေါက်နေသော ညောင်ပင် များကို အပင်သတ်ဆေးဖြင့် ဆောင်ရွက်ရန်၊ ဖွား၊ ပွင့်၊ ဟော၊ စံ ဒေသခံကျေးရွာများ၊ ဒေသခံရွာသူ/ ရွာသားများနှင့် ပုဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်ရှိ ဒေသခံများကို ထိတွေ့မှုရှိစေရေး ဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် သံဝေဇနိယလေးဌာန ( ဖွား၊ ပွင့်၊ ဟော၊ စံ) နေရာများတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။


သံဝေဇနိယလေးဌာန သတ္တသတ္တာဟမဟာဗောဓိစေတော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.