ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်



နေပြည်တော် အောက်တိုဘာ ၁၃


ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုတို့မှ ဖွင့်လှစ်မည့် အိန္ဒိယ စားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအ တွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ရောင်းချမည့် ရွှေမဟာ-Boss အိန္ဒိယ စားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံး ကွင်းတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံး ခန်းမ၌ ကျင်းပသည့်  သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်လေး မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာများအတွက် ကျေးရွာကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြသည်။


အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် အညီအရည် အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးသယံဇာရေးရာဝန်ကြီးတို့က သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ် လေးမြို့နယ်တို့မှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ငွေကျပ် သိန်း(၉၀၀)၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာအတွက် ငွေကျပ်သိန်း(၉၆၀)၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာ(၂၀)အတွက် ငွေကျပ် သိန်း(၃၀၀၀) စုစုပေါင်း ကျေးရွာ(၂၆)ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၈၆၀ သိန်းကို သက်ဆိုင်ရာ ကျေးရွာကော်မဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.