တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၁၇

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၈၉,၅၂၈) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ ရှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၈,၇၄၅,၁၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၃,၉၃၄,၆၂၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း သုံးမျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၃၄၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၃၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းဂိတ်အနီး၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်‌တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၉၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မိုင်းမွန်မြို့နှင့် ဟိုပုံးမြို့အကြား ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇,၂၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၁၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 

အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၁၀,၃၉၄,၆၂၈) ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပြည်ပမှတရားမဝင် တင်သွင်းလာမှုများကြောင့် သွင်းကုန် အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက် လာစေကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်

                                                          

No comments

Powered by Blogger.