ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုပ္ဗသီရိမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁၇


အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုပ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ စံပြကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုံးစုံပျက်စီး၍ အသစ်တည်ဆောက်မည့်နေအိမ် ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးမှု ပြင်ဆင်နေသည့်နေအိမ်များကို  သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေအိမ်ထိခိုက်ပျက်စီးသွားသော ရွာသူရွာသားများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ယနေ့စတင်ဆောက်လုပ်မည့် အိမ်အတွက်ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပေးရမည့် အိမ်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ မြို့နယ် ၃ ခု အတွင်းမှ ကျေးရွာ ၄ ရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံ ပြန်လည်ပြင်ဆင်ရမည့် နေအိမ် ၃၄ လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း ၁၀ လုံး၊ စုစုပေါင်း ၄၄ လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀၀၀) ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ယင်းနောက် အေးမြင့်သာယာကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေကြီးနှစ်မြှုပ်ခံရမှုကြောင့် စိုက်ပျိုးမြေများတွင် မြေဆီမြေဩဇာအခြေအနေ ပြောင်းလဲမှုကို သိရှိနိုင်ရန်နှင့် လိုအပ်သော မြေဆီအာဟာရမှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ရန် မြေဆီလွှာဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာ အချိုးအဆ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။


ဆက်လက်၍ အေးမြင့်သာယာကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူ (၆၆) ဦးနှင့် တွေ့ဆုံကာ အသင်းသားပိုင် စိုက်ပျိုးမြေဧက (၂၀၀) တွင် ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက လှူဒါန်းထားသည့် မတ်ပဲမျိုး ပိဿာ ( ၂၀၀၀   ) ကို လည်းကောင်း၊ သမဝါယမဦးစီးဌာနက ကူညီထောက်ပံ့ပေးသည့်  သွင်းအားစု ဓာတ်မြေဩဇာများကိုလည်းကောင်း ပေးအပ်သည်။


သတင်းစဉ်






No comments

Powered by Blogger.