ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့မှ တိုင်း၊ ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ဦးစွာ တိုက်ကြီးမြို့နယ်အတွင်းရှိ ဥတို၊ ရေတွင်းကြီး၊ ဘွတ်ကုန်း၊ ရင်းတိုက်ကွင်း၊ ဂျိုးဖြူကျေးရွာများမှ တောင်သူ (၄၀) ကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မျိုးရွေးချယ်ခြင်းလုပ်ငန်းတွင် တောင်သူကြီးများမပါ၍ မဖြစ်ကြောင်း၊ အထွက်ကောင်းရုံမက ဈေးကောင်းရရှိရန် အရည်အသွေး ကောင်းရန်လိုအပ်ကြောင်းနှင့် ဈေးကွက်ရှိမျိုးများ ထွက်ပေါ်လာစေရေး ပညာရှင်နှင့်တောင်သူ နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (လက်ပံတန်း) သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီး၏ အထူးအားကိုးရသည့် သုတေသနဗဟိုဌာနကြီးတစ်ခု ဖြစ်လာစေရေးအတွက် သုတေသနပိုင်း ပိုမိုအားကောင်းစေရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မင်းလှမြို့နယ် တောင်သူများပါဝင်သော စပါးမျိုးရွေးချယ်ရန် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားသည့် မနောသုခ၊ ဆင်းသုခ၊ မှော်ဘီ-၃၊ ရတနာတိုး၊ ပြည့်ဝမွှေး၊ ဗီယက်နမ်၊ ထိုင်းနှံကောက်၊ Komypa (ကိုမိုင်ပါး) YKQR-01၊ YSR-1၊ YAR-14၊ ရက်-၉၀ မျိုးများ ဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကျခတ်ဝါးရုံကျေးရွာတွင် စိုက်ပျိုးထားသော YSR-1 မိုးစပါးမျိုးသန့်ပွား ဧက (၃၀) စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။ ထို့နောက် တောင်မြို့နယ်ရှိ တောင်သူများပါဝင်သော စပါးမျိုးရွေးချယ်ခြင်း လုပ်ငန်းစဉ်ဖြစ်သည့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးပြသထားသည့် စပါး (၁၀) မျိုး ဖြစ်ထွန်းအောင်မြင်နေမှုများကို လည်းကောင်းကြည့်ရှုအားပြီး ပညာရှင်များက ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် သီးနှံမျိုးသစ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ သီးနှံကာကွယ်ရေး နည်းစနစ်များ ဖြစ်သည့် ပိုးမွှား၊ ရောဂါကာကွယ်နည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးငန်းစဉ်များကို တောင်သူများအား နည်းပညာပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments