ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး



နေပြည်တော် အောက်တိုဘာ ၁၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးထားသည့် ဟော်လန် ဆလပ်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အကျိုးအမြတ် အများဆုံးရရှိသည့် သီးနှံများနှင့် ရာသီအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများစိုက်ပျိုးရန် ဆွေးနွေးမှာကြားသည်။ 


ထို့နောက် ပဲခူးမြို့နယ်၊ မယင်းကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဆီထွက်သီးနှံနေကြာစိုက် တောင်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံစိုက်ပျိုးသူများအား နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သမဝါယမ ချေးငွေများ၊ မြစိမ်းရောင် (နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက် ပဲခူးခရိုင်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း (၁၀) သင်း၊ အသင်းသား တောင်သူ (၉၀) တို့၏ စိုက်ပျိုးမြေဧက (၃၂၀) အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစုဓါတ်မြေဩဇာများ၊ ရုရှားသဘာဝ ရွက်ဖျန်းဆေးရည်များကို တောင်သူများထံသို့ ပေးအပ်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကလိ - တပ်ကလေး - မြောက်စု ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် တပ်ကလေးမြောက်စုကျေးရွာတွင်း လမ်းကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း တပ်ကလေးမြောက်စုကျေးရွာ၌ ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများအား တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


သတင်းစဉ်


No comments

Powered by Blogger.