အမျိုးသားရေးကိုယ်ခံစွမ်းအားများမြှင့်တင်



 

မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် မျိုးနွယ်စုကြီးများနှင့်အတူ မျိုးနွယ်ငယ်များ ပေါင်းစည်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ ပြည်ထောင်စုသားအားလုံးကို ပေါင်းစည်းခြုံငုံပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာလူမျိုးဟူ၍ ဖြစ်တည်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မြန်မာဟူသည့် တိုင်းရင်းသားသွေးချင်းများ နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်လာခဲ့ကြသည်။

 

မြန်မာနိုင်ငံတော်ကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေခြင်းသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့ယဉ်ကျေးမှုဟူသော ဘုံသဘောဆောင်သည့် အမျိုးသားရေးစရိုက်လက္ခဏာများကို ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းသည် အဓိကကျသည့်အကြောင်းတစ်ရပ်ဖြစ်သည်။ ဘုံသဘောဆောင်သည့် အမျိုးသားရေးစရိုက်လက္ခဏာများကို မပစ်ပယ်ဘဲ မြတ်နိုးတန်ဖိုးထားဆဲဖြစ်၍ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုအဖြစ် အဓွန့်ရှည်နေခြင်းဖြစ်သည်။ အကယ်၍သာ ကိုယ်စီကိုယ်စီရှိကြသည့် အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက ဤပြည်ထောင်စုနှင့်လူမျိုးသည် တိမ်ကော ပျောက်ကွယ်သွားနိုင်သည်။

 

ထို့ကြောင့်  ဘုံသဘောဆောင်သည့်  အမျိုးသားရေးစရိုက်လက္ခဏာများ တစ်နည်းအားဖြင့် မြန်မာတို့၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို စဉ်ဆက်မပြတ် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ထုထည်  ပမာဏကြီးမားခိုင်ခံ့သည့် မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်အသီးသီးကို အစဉ်အဆက် စိုက်ထူထိန်းသိမ်း နိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားစွာရပ်တည်နိုင်ခဲ့သည်။ အကယ်၍သာ ကိုယ်ပိုင်မူဟန်တိမ်မြုပ် ပျောက်ကွယ်သွားမည်ဆိုပါက အခြားယဉ်ကျေးမှုများ လွှမ်းမိုးပြီး ပင်ကိုနိုင်ငံနှင့် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှုဓလေ့စရိုက်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းမြှင့်တင်နေရသည်။

 

တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မြန်မာ့ဂုဏ်ရည်များစွာရှိသည်။ မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရ ပွင့်လန်းနေစေရန်အတွက် တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသားအဆင့် ပွဲတော်အမျိုးမျိုး ရှိသည်။ ထိုပွဲတော်များတွင်  ယခုကျင်းပလျက်ရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲလည်း ပါဝင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ဖြစ်ပေါ်လာရခြင်းသည် မြန်မာတို့၏ အစဉ်အလာကြီးမားသော အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် နိုင်ငံတော်အစိုးရ၏ မြော်မြင်ဆောင်ရွက်ပေးမှုနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသော ပြည်သူများ၏ ပြင်းပြသောဆန္ဒများအရ ပေါ်ထွန်းလာခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဘိုးဘေးအစဉ်အဆက် မြန်မာ့ယဉ်ကျေးမှု စရိုက် လက္ခဏာများကို သူ့နည်းသူ့ဟန်၊ သူ့အခြေအနေ၊ အချိန်အခါအလိုက် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင် ဖော်ထုတ်ခဲ့ကြသည်။ မျက်မှောက်ကာလတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို တစုတဝေးတည်း တပေါင်းတစည်းတည်း ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်နိုင်ပြီ ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပ နိုင်ခြင်းသည် တိုင်းရင်းသားလူမျိုးအားလုံး အကျုံးဝင်သည့် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့် အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်းအားဖြင့် အမျိုးသားရေး စိတ်ဓာတ်များကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

 

မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ ပထဝီနိုင်ငံရေးအနေအထားနှင့် ပြင်းထန်နေသည့် အခြေအနေများအရ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားရေး ကိုယ်ခံစွမ်းအားများ ပိုမိုအားကောင်းအောင် ကြိုးပမ်း ဆောင်ရွက်နေကြသည်။ အထူးသဖြင့်မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အားနည်းသည့် နိုင်ငံငယ်များ အနေဖြင့် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်အဘက်ဘက်မှ လွှမ်းမိုးခြင်းမခံရအောင် ကိုယ့်ခွန်ကိုယ်အားဖြင့် ကြိုးပမ်းနေကြသည်။ အမျိုးသားရေးကိုယ်ခံစွမ်းအားများ လျော့နည်းပျောက်ပျက်ပါက မိမိနိုင်ငံနှင့် မိမိလူမျိုးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ လက်ဝေခံဘဝ၊ သူတစ်ပါးကြိုးဆွဲရာဘဝသို့ ရောက်နိုင်သည်။

 

ယခုကဲ့သို့ အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရန် ဖော်ဆောင်ပေးနေခြင်းသည် အမျိုးဂုဏ်၊ ဇာတိဂုဏ် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံစွမ်းအားများ ခိုင်မာအားကောင်းလာအောင် တစ်ဖက်တစ်လမ်းက အထောက် အကူပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှသည် နှစ်ပေါင်းထောင်ချီ ဆက်လက ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ

No comments

Powered by Blogger.