မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နေပြည်တော်ကောင်စီမှကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခြင်း နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကျင်းပ



နေပြည်တော် အောက်တိုဘာ ၁၇


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်၌ တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီမှကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။


အဆိုပါ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်  ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ဆီမီးထွန်းညှိပူဇော်ကြပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။


ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်းများ၊ မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း  သတင်းရရှိသည်။ 


သတင်းစဉ်


No comments

Powered by Blogger.