သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကား





နေပြည်တော် အောက်တိုဘာ  ၁၇


ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရား ၊စေတီ၊ ပုထိုးများ၌ ဆွမ်း ၊ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းနှင့် တရားဘာဝနာ ပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်းသီလ ဆောက်တည်ကြသူ  ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားခဲ့သည်။


နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၊ ရွှေလွမ်းတောင် စေတီတော်၊ နေရောင်ပြအင်းစေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့  ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနားဘုရားကိုးဆူစေတီတော်၊ စူဠာမုနိစေတီတော်၊ ဆုတောင်းရ ဆုတောင်းပြည့်စေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာန  အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဆွမ်း ၊ပန်း ၊ရေချမ်း၊ ဆီမီးများ ကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ပြည်သူများကုသိုလ်ကောင်းမှု ပြုလုပ်လျက် ရှိသည်ကို တွေ့မြင်ရသည်။



ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၌ နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းတို့ကို ဆောင်ရွက်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။


ထို့အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌လည်း နံနက်ပိုင်းမှစတင်၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားများကို ကျင်းပခဲ့ရာ စိတ်အေးချမ်းသာစွာဖြင့် ပါဝင် ကုသိုလ်ယူပြီး သီတင်းသီလ ဆောက်တည်ကြသည့် နေပြည်တော်နှင့် ပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားခဲ့ပြီး ညပိုင်းတွင် စေတီတော်မြတ်ကြီး၌ ဆီးမီးများထွန်းညှိ ပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြသည်။


အလားတူ နေပြည်တော်ရှိ Ocean Super Center ၊  Juction  Center ၊ Naypyitaw Wholesale တို့တွင် ဈေးဝယ်ကြသူများနှင့် မင်္ဂလာကန်တော်၊ နေပြည်တော်ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နှင့် နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့တွင် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားခဲ့သည်။ 


ထို့ပြင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊  မိဘဘိုးဘွားများနှင့် ဆရာသမားများကို လိုက်လံကန်တော့ခြင်းတို့ဖြင့် စည်ကားခဲ့သည်။   


သတင်းစဉ်


No comments

Powered by Blogger.