သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံဒေသသို့ ယမန်နှစ်ထက် ခရီးသွားဝင်‌ရောက်မှုများပြား




ရန်ကုန်၊ အောက်တိုဘာ ၁၇


သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ဘုရား၊ ပုထိုး စေတီတို့၌ ကုသိုလ်ကောင်းမှုများပြုကြပြီး အထူးစည်ကားလျက်ရှိရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ ပုဂံဒေသတွင်လည်း  ယမန်နှစ်သီတင်းကျွတ်လပြည့် နေ့ထက် ယခုနှစ်တွင် ခရီးသွားဝင်‌ရောက်မှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။


“ဒီနှစ် သီတင်းကျွတ်ပွဲတော်မတိုင်မီကတည်းက ပုဂံကိုခရီးသွား ဝင်ရောက်ခဲ့တာပါ။ သီတင်းကျွတ်လပြည့်နေ့ မနက်ကနေ ညအထိ ပုဂံကအထင်ကရဘုရား၊ စေတီ ၁၈ နေရာမှာ ဘုရားဖူးစည်ကားခဲ့ပါတယ်။ ထီးလိုမင်းလို ဘုရားမှာဆိုရင် ညနေပိုင်းအထိ ခရီးသွား တစ်သောင်းနီးပါးဝင်ခဲ့ပါတယ်။ အခြားဘုရား၊ စေတီများလည်းအတူတူပါပဲ။  မနှစ်ကထက် ခရီးသွားဝင်ရောက်တဲ့အတွက် စျေးသည်အစခရီးသွားလမ်းညွှန်အဆုံး ကြည်နူးဝမ်းသာရှိနေကြပါတယ်။ ခရီးသွားဧည့်သည်အပေါင်း သွားလမ်းသာပြီး လာလမ်းဖြောင့်ကြပါစေ၊ ကုသိုလ်ထူးများလည်း ရရှိကြပါစေလို့ ပုဂံသူပုဂံသားများကိုယ်စား ဆုတောင်းမေတ္တာ ပို့ပါတယ်”ဟု ထီးလိုမင်းလိုဘုရားမှ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်.။


အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရား၊ ပုထိုးစေတီနှင့် သာသနာ့ နယ်မြေတို့၌ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ အဘိုးအဘွားနှင့် မိဘများကို ကန်တော့ခြင်း၊ ညပိုင်းတွင် မြတ်ဗုဒ္ဓအား ဆီးမီးထွန်းညှိ ပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူကြလျက်ရှိသည်။ နေ့ထူးနေ့မြတ် ဘာသာရေးပွဲတော်နေ့တွင် ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီများ ဖြစ်သည့် ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ သဗ္ဗညု၊ ထီးလိုမင်းလို၊ ကန်တော့ပလ္လင်၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ မဟာဗောဓိ၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ မနူဟာ၊ မြစေတီ၊ လောကနန္နာ၊ ဓမ္မရာဇက၊ စွယ်တော်ဘုရား၊ ပြသဒ်ကြီးဘုရားတို့တွင် ဘုရားဖူးခရီးသွားများ ဖြင့် အထူးစည်ကားခဲ့သည်။ 


ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီတော်တို့၌ လပြည့်နေ့ နံနက် ၄ နာရီမှစတင်ပြီး ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး ညနေ ၆ နာရီမှစတင်၍ ဆီးမီးများထွန်းညှိ ပူဇော်ကြသည်။ ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့တွင် ခရီးသွား တစ်သိန်းခန့်ဝင်ရောက် ခဲ့ပြီး ယခုနှစ်သီတင်းကျွတ်လပြည့်နေ့၌ ခရီးသွားနှစ်သိန်းခန့် ဝင်ရောက်ကုသိုလ်ယူခဲ့ ကြကြောင်း သိရသည်။


ဓာတ်ပုံ - ကနူး - ညိမ်းသူ(သတင်းစဉ်)


No comments

Powered by Blogger.