ဆားငန်မြေအတွက်အားထား “ဧရာမောင်”စပါး
ပမွှား
စပါးသီးနှံသည် မြန်မာနိုင်ငံ၏ အဓိကစားသုံး
သီးနှံဖြစ်ပြီး အရေးကြီးသော သီးနှံတစ်ခုလည်း
ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စုစုပေါင်းစပါး စိုက်ဧရိယာ ၁၄၉၉၇၄၇၅ ဧကရှိသည့်အနက်
ဆားငန်ရေဝင် ၁၇၄၉၂၅ ဧက ရှိပါသည်။ (ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၂၀၂၃-၂၀၂၄) ဆားငန်ရေဝင်
ဧရိယာအများဆုံးဒေသမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ၁၅၁၉၇၅ ဧက ရှိပါသည်။ ရာသီဥတုပြောင်းလဲလာမှု
အကျိုးဆက်ကြောင့် စပါးစိုက်ပျိုးသောမြေဆီလွှာအတွင်း
ဆားငန်ဓာတ်သိသာစွာ မြင့်မားလာမှုပြဿနာကို ရင်ဆိုင်ကြုံတွေ့
နေရပါသည်။ ဆားငန်ဓာတ် မြင့်မားလာခြင်းသည် ကမ္ဘာအနှံ့
စပါးစိုက်ပျိုးထုတ်လုပ်ခြင်းအပေါ်၌ သိသိသာသာ ဆိုးကျိုးသက်ရောက်စေသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ဆားငန်ဒဏ်ခံနိုင်သော မိရိုးဖလာ စပါးမျိုးနှင့်
မြေအခြေအနေ တိုးတက်ကောင်းမွန်စေနိုင်သော စိုက်ပျိုးနည်းစနစ်များကို လက်ခံကျင့်သုံး
စိုက်ပျိုးလာမှု များပြားလာပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်ကာ
ဆားငန်ဒဏ်မြင့်မားမှုပြသာနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသများတွင် နိုင်ငံတကာဆန်စပါး
သုတေသနအဖွဲ့အစည်း (IRRI) နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန (DAR) တို့ပူးပေါင်းကာ
သုတေသနများ ပြုလုပ်ခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ပညာရှင်များနှင့်အတူ ဒေသခံတောင်သူများ
ပူးပေါင်းပါဝင်ကာ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းသော ဆားငန် ဒဏ်ခံစပါးမျိုးသစ်များ
စမ်းသပ်စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။
စပါးသီးနှံကို ဆားငန်ဒဏ်ခံနိုင်ရည်ရှိမှုနည်းသော
သီးနှံအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ကြပါသည်။ စပါးသီးနှံအထွက်နှုန်းသည် သွင်းရေတွင်
ပါဝင်သော ဆားပြင်းအား သုံးမီလီမိုးနှင့်အထက်ရောက်ရှိပါက ဆားငန်ဓာတ်ကြောင့် အထွက်နှုန်း
အပေါ်တွင်သိသာစွာ ထိခိုက်နိုင်ပါသည်။ စပါးပင်အပေါ် ဆားငန်ဓာတ်၏ အကျိုးသက်ရောက်မှုသည်
ဆားဓာတ်၏ ပြင်းထန်မှု၊ မြေဆီလွှာဆိုင်ရာ ဂုဏ်သတ္တိများ၊ ရေစနစ်၊ သီးနှံကြီးထွားမှုအဆင့်၊
ထိတွေ့မှုကြာချိန်၊ အပူချိန်၊ စိုထိုင်းဆနှင့် နေရောင်ခြည် လုံလောက်စွာရရှိမှုတို့အပြင်
အဆိုပါအချက်များနှင့် စိုက်ပျိုးမှုလိုက်လျောညီထွေရှိမှုတို့အပေါ် မူတည်နေပါသည်။ ဆားငန်ဒဏ်ကြောင့်
စပါး အထွက်နှုန်းကျဆင်းမှု ပမာဏမှာ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိရှိနိုင်ပြီး
ဆားပြင်းအားဒဏ် ခံနိုင်ရည် မြင့်မားသောမျိုးများ မရရှိခြင်းကြောင့်လည်း တောင်သူများမှာ
ဒေသတွင်းရရှိနိုင်သောမျိုးများကိုသာ ပုံမှန်အားထား စိုက်ပျိုးနေကြရပါသည်။ ထို့ကြောင့်
လူဦးရေတိုးပွားမှုနှင့် စားရေရိက္ခာ ထုတ်လုပ်မှုကို အရှိန်အဟုန် ထိန်းထားရန်နှင့် အထွက်နှုန်းကွာဟမှုကို
လျှော့ချရန်အတွက် တစ်ယူနစ်အလိုက် ဧရိယာ၏ စပါးအထွက်နှုန်းကို မြှင့်တင်ရန် လိုအပ်လာပါသည်။
ရေမြေဒေသနှင့်သင့်လျော်ပြီး ဆားငန်ဒဏ်ခံနိုင်၍
အထွက်နှုန်းမြင့်မားသော မျိုးများသည် မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးသည့် ဂေဟစနစ်ကို
ထိန်းညှိနိုင်ပြီး စပါး၏အထွက်နှုန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်
ကုန်းတွင်း ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေနှင့် ဆားငန်မြေ (ဒီရေလွှမ်းမြေ)များအတွက်ရည်ရွယ်၍
ဆားငန် ဒဏ်ခံ စပါးသုတေသနများကို နှစ်စဉ်ဆက်လက် ဆောင်ရွက်လျက်ရှိရာ ရေဆင်းစိုက်ပျိုးရေးသုတေ
သနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၊ ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံနှင့်
ဒေသ သုတေသနဗဟိုဌာန (ဇလုပ်) တို့တွင်လည်း ဆားငန်ဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိသော ဆားငန်ခံစပါး
သုတေသနစမ်းသပ်ခြင်းများကို စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေ
သနဗဟိုဌာန (မြောင်းမြ) အနေဖြင့် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ စားသုံးသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော
စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသအလိုက်သင့်လျော်မည့် သီးနှံမျိုးများ
ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးသူလက်ဝယ်သို့
မျိုးနှင့် နည်းပညာများရောက်ရှိရေး ပညာပေးသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) မှ သုတေသနပညာရှင်များသည် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီ၍
အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်သောမျိုးများ၊ မိုးကောင်းသောက်
လယ်စပါးမျိုးများ၊ အရည်အသွေးကောင်းစပါးမျိုးများ၊ ရေမြုပ်ခံစပါးမျိုးများ၊ ဆားငန်ခံစပါးမျိုးများနှင့်
ဆည်ရေသောက်စပါးမျိုးများ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်း၊ မျိုးနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ
ဆောင်ရွက်ခြင်း၊ ဒေသတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးခြင်း၊
စပါးမျိုးသန့် အဆင့်ဆင့်ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူများသို့ စိုက်ပျိုးရေးဆိုင်ရာ
နည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေခြင်းလုပ်ငန်းများ စသည်တို့ကို နှစ်စဉ်
စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။
စပါးသီးနှံသုတေသနအနေဖြင့် ပြောင်းလဲလာသော
ရာသီဥတုနှင့်အညီ ရေမြေဒေသနှင့် သင့်လျော်သော ဈေးကွက်ဝင် စပါးသုတေသနများ ဆောင်ရွက်လျက်ရှိပြီး
မိုးရာသီတွင် မိုးကောင်းသောက် လယ်စပါးသုတေသန၊ အရည်အသွေးကောင်းစပါး သုတေသန၊ ရေကြီးကွင်းဒေသများအတွက်
ရေမြုပ်ခံစပါးသုတေသနနှင့် မိုးနှောင်း/နွေရာသီတွင် ဆည်ရေသောက်စပါးသုတေသန၊ အရည်အသွေးကောင်း
စပါးသုတေသန၊ ဆားငန်ရေဝင်ဒေသများအတွက် ဆားငန်ခံစပါးသုတေသနများကို ရာသီအလိုက် ဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့များပြားလှသော သုတေသနများကို နှစ်စဉ်ဆောင်ရွက်ပြီး ရရှိလာသောသုတေသနရလဒ် ကောင်းများထဲမှ
တစ်ခုဖြစ်သော ဆားငန်ခံစပါး ဧရာမောင်စပါးမျိုး၏ ဖြစ်ပေါ်လာပုံနှင့် ဆားငန် ရေဝင်ဒေသများနှင့်
ကုန်းတွင်းဆားပေါက်ဒေသများအတွက် အသုံးဝင်မှုကို ဖော်ပြလိုက်ရပါသည်။
ဧရာမောင်ဆားငန်ခံစပါးမျိုးဖြစ်ပေါ်လာပုံသမိုင်း
ဧရာမောင် ဆားငန်ခံစပါးမျိုးသည် ဒေသသုတေသနဗဟိုဌာန
(မြောင်းမြ) သို့ ၂၀၁၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) မှ ရောက်ရှိလာသော
ဆားငန်ခံစပါးမျိုးလိုင်း ၃၃ မျိုးထဲမှ ပဏာမအဆင့်မှသည် မျိုးအဆင့်ဆင့် ယှဉ်ပြိုင်ရွေးချယ်ခြင်းမှ
ထွက်ပေါ်လာသော မျိုးတစ်မျိုး ဖြစ်ပါသည်။
ဆားငန်ရေဝင်ရောက်မှုရှိသည့် ဒေသများဖြစ်သော
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ ဘိုကလေး၊ ငပုတော၊ လပွတ္တာ၊ ဒေးဒရဲနှင့် ဖျာပုံမြို့နယ်များရှိ
တောင်သူအခြေပြု သုတေသနစခန်းများတွင် ဆန်စက်ပိုင်ရှင်များ၊ တောင်သူများနှင့်အတူ မျိုးရွေးချယ်သော
ကွင်းသရုပ်ပြပွဲများပြုလုပ်ပြီး ၂၀၁၉ ခုနှစ် နွေရာသီမှစတင်၍ ၂၀၂၃ ခုနှစ် နွေရာသီအထိ
အဆင့်ဆင့်စိစစ်ရွေးချယ်ကာ ဆားပြင်းအား ဒဏ်ရှစ်မှ ၁၂ မီလီမိုးအထိ ခံနိုင်ရည်ရှိပြီး
ဒေသ နှင့်ကိုက်ညီသော ဧရာမောင်မျိုးကိုရရှိခဲ့ပါသည်။ ၎င်းမျိုးကို မှတ်ပုံတင်နိုင်ရန်
ရေဆင်းစပါးသီးနှံ သုတေသန ဗဟိုဌာနနှင့် ကျောက်ဆည်စိုက်ပျိုးရေး သုတေသနခြံတို့တွင် ထပ်မံစမ်းသပ်အောင်မြင်ခဲ့၍
(၂၆) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီ၏ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိ
ခဲ့ပါသည်။
ဧရာမောင်ဆားငန်ခံစပါးမျိုး၏ ထူးခြားမှု
ဧရာမောင်ဆားငန်ခံစပါးမျိုးသည် အသက်
ရက် ၁၁၈ ရက်၊ ဆန်ထွက်ရာခိုင်နှုန်း ၄၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ပျမ်းမျှအထွက်နှုန်း
တင်း ၈၀ မှ ၁၀၀ အထိ ထွက်ရှိပြီး ဆားပြင်းအားဒဏ် ရှစ် မှ ၁၂ မီလီမိုး အထိ ခံနိုင်ရည်ရှိခဲ့ပါသည်။
ဆားငန်ရေဝင်ဧရိယာများသော ဧရာဝတီတိုင်းဒေသကြီးရှိ ဆားငန်ဒီရေ ဝင်ရောက်သော ရိုးပြတ်ကျန်နွေစပါးစိုက်ခင်းများအတွက်
အထူးသင့်လျော်ပြီး ရာသီမရွေးစိုက်ပျိုး နိုင်ပါသည်။ ဒေသတွင်း နွေစပါးစိုက်တောင်သူများ
ပုံမှန်စိုက်ပျိုးလေ့ရှိသော ရက် ၉၀ စပါး၊ သီးထပ်ရင် စပါးမျိုးများနှင့် နှိုင်းယှဉ်လျှင်
အထွက်နှုန်းသိသာစွာ ကွားခြားမှုမရှိသည်ကို တွေ့ရှိရပါသည်။ စံထားမျိုးအဖြစ် စမ်းသပ်စိုက်ပျိုးလေ့ရှိသော
ဆားငန်ခံ-၄ စပါးမျိုးနှင့် အထွက်နှုန်းနှိုင်းယှဉ်လျှင်လည်း ပျမ်းမျှအထွက်နှုန်း ၁၀
တင်းခန့်သာလွန်သည်ကို တွေ့ရှိ ရပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနဒေသသုတေသနဗဟိုဌာန
(မြောင်းမြ) အနေဖြင့် ဒေသနှင့်ကိုက်ညီ၍ ဈေးကွက်ဝင် အထွက်ကောင်း၊ အရည်အသွေးကောင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး
ရာသီဥတုနှင့် သဟဇာတဖြစ်သော စပါးမျိုးများအား ရှာဖွေဖော်ထုတ်သည့် သုတေသနလုပ်ငန်းများ
အပါအဝင် မျိုးသန့်စပါးများ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ လမ်းညွှန်ချက်၊ ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့၏ အားပေးကူညီမှုတို့ဖြင့် တိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင်
တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ရာ ဧရာမောင် ဆားငန်ခံစပါးမျိုးသည်လည်း သုတေသနရလဒ်ကောင်းအဖြစ်
ပေါ်ထွက်ခဲ့ကြောင်း တင်ပြလိုက်ရပါသည်။


No comments