မျိုးဆက်သစ်တို့၏ စွမ်းအားဖြင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြပါစို့
ကိုဘုန်း(ထုတ်လုပ်)
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝ အလျောက်ဖြစ်စေ၊ လူတို့၏
ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊
မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊
မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ရေခဲများအရည်ပျော်၍ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊
ရောဂါဘယများ ထူပြောခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင်
လူနှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း၊ အပင်ရောဂါ ကြောင့်ဖြစ်စေ၊ ပိုးမွှားတိရစ္ဆာန်များကြောင့်ဖြစ်စေ၊
ပျိုးခင်းစိုက်ခင်းများပျက်စီးခြင်း၊ ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့
ယိုဖိတ်မှုကြောင့်ဖြစ်စေ၊ စက်မှုလုပ်ငန်းနှင့် အဏုမြူကြောင့်ဖြစ်စေ ပြည်သူတို့၏ အခြေခံအဆောက်အအုံများ၊
အသက်အိုးအိမ်ပစ္စည်း၊ အသက်မွေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်စီးမှုများလည်း
ပါဝင်သည်။ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်နှင့်
လူမှုအသိုင်းအဝိုင်းများ၏ သာယာဝပြောရေးကို
အာမခံရန်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ သဘာဝဘေးဆိုသည်မှာ
ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့်
အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို
သိသိသာသာ လျှော့ချနိုင်ပါသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDNDRR)
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာပေါ်တွင်
နှစ်စဉ်ကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားပြီး
ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ၁၉၉၀ ပြည့်နှစ် မှ ၁၉၉၉ ခုနှစ်အထိ
ဆယ်နှစ်တာကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချ ရေးဆယ်စုနှစ်
(The International Decade for Natural Disaster Risk Reduction – IDNDRR)အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုသို့
ဆယ်စုနှစ် အကောင်အထည်ဖော် ဆောင်ရွက်သော်လည်း
ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံရမှုများ သိသာစွာ လျော့နည်းသွားမှုများ မရှိသည့်အတွက်
ဆယ်စုနှစ် အစီအစဉ် အကောင်အထည်ဖော်နေဆဲကာလ ဖြစ်သည့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့်
ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ပထမဆုံးအကြိမ် ကမ္ဘာ့ညီလာခံကိုကျင်းပပြီး
ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါးရေးတို့နှင့် ပတ်သက်သည့်
ယိုကိုဟားမား မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များကို
ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံ
ယိုဂိုမြို့တွင် ကျင်းပခဲ့သည်။ ထို့နောက် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင်
(၂၀၀၅-၂၀၁၅) ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင်
တတိယအကြိမ် ကမ္ဘာ့ ညီလာခံကိုကျင်းပခဲ့ပြီး
ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ကိုလည်းကောင်း အသီးသီးရေးဆွဲ အကောင် အထည်ဖော်ခဲ့ကြပါသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည်
ရေရှည်စီးပွားရေး၊ လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများကို
လက်ငင်းအကျိုး ကျေးဇူးများစွာ ပေးဆောင်ပါသည်။
ပိုမိုကောင်းမွန်သော ဘေးကင်းရေးနှင့်
ဆေးဘက်ဆိုင်ရာ အဆင်သင့်ဖြစ်ခြင်း
ကြိုတင်သတိပေးစနစ်များ၊ မြှင့်တင်ထားသော
အဆောက်အအုံများနှင့် ရပ်ရွာမှကြိုတင်ပြင်ဆင်မှု အစီအစဉ်များ ကဲ့သို့သော ထိရောက်သော
ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများ သည် ဘေးအန္တရာယ်များအတွင်း အသက် ကယ်ဆယ်ရန်နှင့်
ထိခိုက်ဒဏ်ရာရသူအရေအတွက်ကို လျှော့ချရန်ကူညီပေးပြီး အကျပ်အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်
ဆေးဘက်ဆိုင်ရာအဆောက်အအုံများနှင့် အရေးပေါ်ဝန်ဆောင် မှုများ ကြိုတင်ပြင်ဆင်ထားခြင်းသည်
ပြည်သူ့ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ပါသည်။
ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး
ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်ဆောင်ရွက်ခြင်း
ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေး (သို့မဟုတ်)
ရေလွှမ်းမိုးမှုကာကွယ်ရေးကဲ့သို့ အန္တရာယ်လျော့ပါးရေး အဆောက်အအုံများကို အကောင်အထည်ဖော်ခြင်းသည်
အိမ်များ၊ လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းမှ ကာကွယ်နိုင်ပြီး
ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးနိုင်သဖြင့် ပိုင်ဆိုင်မှုပျက်စီးခြင်းကို
လျှော့ချနိုင်သည်။ ထို့ကြောင့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေးဆိုင်ရာ
အကျိုးသက်ရောက်မှုကို လျှော့ချပေးကာ စီးပွားရေးတည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်မှုကို
အထောက်အကူပြုပါသည်။ ပျက်စီးမှုကို ကြိုတင်တားဆီးခြင်းဖြင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးအတွက်
ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး သိသိသာသာ လျော့ကျသွားနိုင်သည်။
ပြည်သူလူထု၏ပူးပေါင်းမှုဖြင့် သဘာဝဘေးအန္တရာယ်ကို
ကြိုတင်ကာကွယ်နိုင်ပြီး နည်းပညာဆန်းသစ် တီထွင်မှုကို တွန်းအားပေးနိုင်ခြင်း
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်မှုကို မြှင့်တင်ပေးနိုင်သည်။ ထိရောက်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး
အစီအမံများထားရှိခြင်းသည် ဒေသခံပြည်သူများအား စိတ်အေးချမ်းမှုရရှိစေပြီး ဖြစ်ပေါ်လာနိုင်သည့်
ဘေးအန္တရာယ်များအတွက် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးပါသည်။ ဒီရေတောနှင့် သစ်တောများ
ထိန်းသိမ်းခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့်
ဂေဟစနစ် ကျန်းမာရေးကို အကျိုးရှိစေပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည်
နည်းပညာဆန်းသစ်တီထွင်မှုများကို တွန်းအားပေး ပြီး ကဏ္ဍမျိုးစုံတွင် အသုံးချနိုင်သော
တိုးတက်မှု များဆီသို့ ဦးတည်စေပါသည်။
မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံသည် ယိုဂိုမူဘောင်နှင့်
ဆန်ဒိုင်းမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ ရေမြေသဘာဝနှင့် တည်ရှိမှုအနေအထားများအရ
ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များကို မိမိတို့တွင်ရှိသည့် အရင်းအမြစ်များနှင့် လိုက်လျောညီထွေသော
လုပ်ငန်းစီမံချက်များ၊ ဖွဲ့စည်းဆောင်ရွက်မှု များဖြင့် စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်
အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်မှစပြီး နှစ်စဉ် မပျက်ကျင်းပခဲ့ကာ ကမ္ဘာပေါ်တွင်ဘေးအန္တရာယ်
ကျရောက်နိုင်ခြေနှင့် ဖြစ်ပွားနိုင်ခြေများပြားပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ
မြင့်မားသည့် နေရာဒေသများ၊ သက်ရှိ၊ သက်မဲ့ များ၊ သဘာဝပတ်ဝန်းကျင်များကို ဖျက်ဆီးခံရမှု၊
ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေးနိုင်ရန်၊ လျော့ပါးစေရန်အတွက်
ပြီးခဲ့သည့်ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး
ကျယ်ပြန့်သည့် အသိပညာဖြန့်ဝေမှု လုပ်ငန်းစဉ် ကြီး ဖြစ်ထွန်းလာရေးကို ရည်မှန်းပြီးဆောင်ရွက်
လျက်ရှိပါသည်။ ထို့အပြင် အမျိုးသားအဆင့်၊ ရပ်ရွာ လူထုအဆင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို
နိုင်ငံတကာကူညီထောက်ပံ့သူများ၊ အဖွဲ့ အစည်းများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိ
ပြီး ပူးပေါင်းဆောင်ရွက်မှုမှ ကောင်းမွန်တိုးတက် သည့် ရလဒ်ကောင်းများရရှိခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု
စောင့်ကြည့်လေ့လာရေးစသော ကမ္ဘာမြေ ထိန်းသိမ်းရေးကိစ္စရပ်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်
ဆောင်ရွက်ခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ
ညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာမြေထိပ်သီး အစည်းအဝေး
(World Earth Summit) စသော ညီလာခံများ၊ အစည်းအဝေးများကို မြန်မာနိုင်ငံ တက်ရောက်ခဲ့ပြီး
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (Climate Change Convention) ကျိုတိုသဘောတူစာချုပ်
(Kyoto Protocol)၊ Bali Roadmap၊ ပဲရစ်(စ်) သဘောတူညီချက် (Paris Agreement) အစရှိသည့်စာချုပ်များ၊
သဘောတူညီ ချက်များစွာအား ကမ္ဘာ့နိုင်ငံအများစုနှင့်အတူ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း
ကိုမန်၊ မာလာ၊ ဂီရိနှင့် နာဂစ်စသည့် မုန်တိုင်းအန္တရာယ်များကို တွေ့ကြုံခဲ့ရပြီး ၂၀၀၈
ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် အပြင်းထန်ဆုံးဖြစ်ခဲ့ကာ ပြည်သူပေါင်း
တစ်သိန်းသုံးသောင်းကျော် အသက် ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် စုစုပေါင်းအမေရိကန်ဒေါ်လာ
၁၂ ဒသမ ၉ ဘီလီယံ ကျော်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မေလတွင်လည်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
ကြီး မိုခါ (MOCHA)နှင့် ရင်ဆိုင်ခဲ့ရသည်။
မိုခါမုန်တိုင်းသတင်းကို သိရှိရသဖြင့်
မေလ ၆ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဒုတိယဝန်ကြီးချုပ်၊
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဦးစီး၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ
အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့နောက် မိုခါမုန်တိုင်းကို
အပိုင်းသုံးပိုင်းဖြင့် ရင်ဆိုင်ဖြေရှင်းရန်စီစဉ်ပြီး ပထမပိုင်းသည် ကြိုတင်ပြင်ဆင်ခြင်း၊
ဒုတိယပိုင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တတိယပိုင်းသည်
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်
ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများအား မေလ ၆ ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊
မြဝတီရုပ်မြင်သံကြားတို့မှ သတင်းများထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊
ပြည်နယ်အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး
ဇာတ်တိုက်လေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်
ပြင်ဆင်မှုများအား မုန်တိုင်းမဖြစ်ပေါ်မီ ကိုးရက် ကြိုတင်၍ စနစ်တကျအသေးစိတ်စီစဉ်နိုင်ခဲ့သည်။
မေလ ၆ ရက်နေ့မှစ၍ မုန်တိုင်းသတင်းကို ရုပ်မြင်သံကြားများမှ နေ့စဉ်ဖော်ပြခဲ့သလို မုန်တိုင်းနီးကပ်လာသည့်
မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ သတိပေးချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ ရက်နေ့၌
မုန်တိုင်းဒီရေ အထူး သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးနိုင်မည့် နေရာများအား
တိကျစွာဖော်ပြပေးခဲ့သည်။ ပြည်သူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကယ်ဆယ်ရေးတပ်ဖွဲ့များက
ကူညီဆောင်ရွက်ပေးသောကြောင့် အချိန်မီ ရွှေ့ပြောင်းပေးနိုင်သဖြင့် မုန်တိုင်းတိုက်ခတ်မှု
ခံခဲ့ရချိန်တွင် မတော်တဆမှုကြောင့်သာ အနည်းငယ် အသက်သေဆုံးခဲ့ရပါသည်။
မုန်တိုင်းဖြစ်ပြီး နောက်တစ်ရက်တွင်
နိုင်ငံတော်အကြီးအကဲက လေယာဉ်ကွင်းများကို အရင်ဆုံးရှင်းလင်းပြီး လေယာဉ်ဆင်းနိုင်အောင်
ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထိုနေ့၌ပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့
စီးနင်းလိုက်ပါသည့် လေယာဉ်ဆင်းသက်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်သည့်
လေယာဉ်များ၊ စီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်မည့် လေယာဉ်များသည် မုန်တိုင်းဒဏ်ကြောင့်
ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
လိုအပ်သည့် စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန် များ၊ အိမ်ဆောက်ပစ္စည်းများ၊
ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်ရေး ပစ္စည်းများ၊ စက်သုံးဆီ
စသည့်ကူညီထောက်ပံ့ရေး ပစ္စည်းများအား ပို့ဆောင် ခဲ့သည်။ ထို့ပြင်ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊
မီးသတ်တပ်ဖွဲ့နှင့် ပရဟိတ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော
ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များ၊ ထောက်ပံ့ရေးအဖွဲ့များသည်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြပါသည်။
ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး
ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာ အများဆုံးနှင့်
ဒုက္ခအပေးဆုံးဖြစ်သည်။ သဘာဝဘေးအန္တရာယ် တစ်ခုကျ ရောက်တိုင်း လူတို့၏အသက်အိုးအိမ် စည်းစိမ်များထိခိုက်ပျက်စီးစေသည်သာမက
နဂိုအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရပါသည်။
ထို့ကြောင့် သဘာဝဘေးအန္တရာယ် မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသွေပြုလုပ်ရန်
လိုအပ်ပါသည်။ လူသားတို့၏ စည်းကမ်းမဲ့ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင် မှာ
တစ်စတစ်စ ယိုယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များ
ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး
ဆိုင်ရာများကို ပါဝင်ဆောင်ရွက်ကြပြီး ထိရောက်သောသဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
အစီအမံများဖြင့် အနာဂတ်တွင် မျိူးဆက်သစ်တို့စွမ်းအားမြှင့်တင်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ကိုးကား
- မြန်မာ့အလင်းနေ့စဉ်သတင်းစာ
- ကြေးမုံနေ့စဉ်သတင်းစာ
- မြဝတီနေ့စဉ်သတင်းစာ
- https://iddrr.undrr.or

No comments