ဂါဇာကမ်းမြောင်ဒေသသို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည့် အစ္စရေး
နွယ်နီလင်း
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂျာဘာလီယာ၌
ယာယီစခန်းတစ်ခုရှိ ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်သည့် စာသင်ကျောင်းတစ်ခုသို့ အစ္စရေးတို့၏
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၈ ဦးထက်မနည်း ထပ်မံသေဆုံးပြီး အခြားလူ ၁၆၀
ဒဏ်ရာရရှိသည်ဟု ဟားမားစ်ပိုင် ဂါဇာအစိုးရမီဒီယာရုံးက အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ကျောင်းဝင်းအတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများနေထိုင်သည့် ရွက်ဖျင်တဲများ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ထို့နောက်သေဆုံးသူများကို ဂါဇာမြောက်ပိုင်း ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ အစ္စရေးတို့၏
ဗုံးကြဲမှုအတွင်း ကယ်ဆယ်ရေးအဖွဲ့များမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း
ပါလက်စတိုင်း တရားဝင်သတင်းအေဂျင်စီ ဖြစ်သည့် ဝါဖာက ဖော်ပြထားသည်။
ပစ်မှတ်ကိုတိကျစွာ တိုက်ခိုက်နိုင်
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (အိုင်ဒီအက်ဖ်)
ကလည်း ၎င်းတို့လေတပ်သည် ဂါဇာမြောက်ပိုင်းရှိ ဟားမားစ်နှင့် အစ္စလာမ္မစ်ဂျီဟတ် စစ်သွေးကြွများအား
ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်သွေးကြွများသည် မကြာသေးမီရက်များအတွင်း
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် အစ္စရေးတို့ကို ဆန့်ကျင်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး
အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးဘက်က
ဆိုသည်။
အစ္စရေးဓားစာခံများရှိသည့် အရပ်အယောင်ကို
မတွေ့ရှိရ
ဂါဇာကမ်းမြောင်ဒေသ၌ ၎င်းတို့၏ တိုက်ခိုက်မှုအတွင်း
စစ်သွေးကြွသုံးဦးအနက် တစ်ဦးမှာ ဟားမားစ်ခေါင်းဆောင် ယာယာဆင်ဝါး ဟုတ် မဟုတ်ကို စုံစမ်းစစ်ဆေးနေသည်ဟု
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (အိုင်ဒီအက်ဖ်)နှင့် အစ္စရေး လုံခြုံရေးအေဂျင်စီ (အိုင်အက်စ်အေ)
တို့က ပူးတွဲကြေညာချက်တွင် ပြောကြားသည်။ အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုအတွင်း ဆင်ဝါးမှာ
သေဆုံးသွားပြီဟု အစ္စရေးအာဏာပိုင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အစ္စရေးနိုင်ငံပိုင်ဖြစ်သည့်
ကန်တီဗွီသတင်းက ဖော်ပြသည်။ ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ဒေသရှိ အဆောက်အအုံအတွင်း အစ္စရေးဓားစာခံများရှိသည့်
အရပ်အယောင်ကို မတွေ့ရှိရကြောင်း အစ္စရေးအဖွဲ့က ဆက်ပြောသည်။
အစ္စရေးဘက်က ယာယီဒုက္ခသည်စခန်းကို ရှင်းလင်းရန်
ဖောက်ခွဲရေးပစ္စည်းများအပါအဝင် နည်းလမ်းအလုံးစုံကို အသုံးပြုပြီး ဂျဘာလီယာစခန်းကို
စနစ်တကျ ဖျက်ဆီးခဲ့သည်ဟု ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ မာမောက်ဘတ်ဆယ်က
အောက်တိုဘာ ၁၇ ရက်က ဆိုသည်။
အပျက်အစီးများအောက်တွင် သေဆုံး သူများ၏
ရုပ်အလောင်းများရှိနေသေး
ထို့အပြင် အစ္စရေးတပ်မတော်သည် လူနာတင်ယာဉ်များ
အဆိုပါဒေသသို့ သွားရောက်ရန်နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူရန် ခွင့်မပြုသည့်အတွက်
အပျက်အစီးများအောက်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ရှိနေသေးကြောင်း ၎င်းကဆိုသည်။
ဆက်လက်ပြီး ဂါဇာကမ်းမြောင် ဒေသမြောက်ပိုင်း၌
အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဆေးရုံ၌ လောင်စာဆီ အကျပ်အတည်း၊
ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ကန်မယ်အက်ဒ်ဝမ်ဆေးရုံ၌
မွေးကင်းစကလေးငယ်များမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်ဟု
ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
အောက်တိုဘာ ၁၇ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ
နေအိမ်တစ်လုံးနှင့် တွေ့ဆုံပွဲတစ်ခု၌ အစ္စရေး၏ သီးခြားတိုက်ခိုက်မှု နှစ်ခုကြောင့်
သေဆုံးသူငါးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ပါလက်စတိုင်း ဆေးမှူးတစ်ဦး က ဆိုသည်။
ဆက်လက်၍ ဆီးရီးယားကမ်းရိုး တန်းမြို့ဖြစ်သည့်
လာတက်ကီယာသို့ အောက်တိုဘာ ၁၇ ရက် အရုဏ် မတက်မီတွင် အစ္စရေးကလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့်
မီးလောင်ခဲ့ရာ မီးသတ်သမားများမှာ အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် သွားရောက် မီးငြှိမ်းသတ်ခဲ့ရသည်။
ယင်းတိုက်ခိုက်မှုကြောင့် မြို့အဝင်အနီးနေရာ၌
ထိခိုက်ပျက်စီးခဲ့သည်ဟု နိုင်ငံပိုင် ဆီးရီးယားရုပ်မြင်သံကြားတွင် ထုတ်လွှင့်သည်။ ယင်းမှာ
လာတက်ကီယာမြို့ရှိ လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များ
မသိရှိရသေးဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။
ဆီးရီးယားနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်း၏
အဓိကမြို့ဖြစ်သော လာတက်ကီယာသည် အရေးကြီးသည့် စီးပွားရေးအချက်အချာမြို့ဖြစ်သည်။ မကြာသေးမီက
ဆီးရီးယားနိုင်ငံအပေါ် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများ တိုးမြင့်လာခဲ့သည်။
ဟစ်ဇ်ဘိုလာတပ်ရင်းမှူး သေဆုံး
အလားတူ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ
တပ်ရင်းမှူး ဟူဆိန် မိုဟာမက် အာဝါဒါ သေဆုံးခဲ့သည်ဟု အောက်တိုဘာ ၁၇ ရက်တွင် အစ္စရေး
ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ လက်ဘနွန်နိုင်ငံ ဘင့်ဂျဘဲမြို့ ကျေးရွာများအနီးမှ အစ္စရေးပိုင်နက်အတွင်းသို့
ဒုံးကျည်များပစ်လွှတ်ရာတွင် ကြီးကြပ်ကွပ်ကဲသူဖြစ်သည့် အာဝါဒါသည် အစ္စရေးလေကြောင်းနှင့်
အမြောက်တပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အိုင်ဒီအက်ဖ်က ဆိုသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဟစ်ဇ်ဘို လာဘက်က ထုတ်ပြန်ထားခြင်း မရှိ သေးပေ။
အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်း မှစကာ
အစ္စရေးတပ်မတော်သည် ဟစ်ဇ်ဘိုလာ ၄၅ ဦးကျော်ကို ရှင်းလင်း နိုင်ခဲ့ပြီး ယင်းအုပ်စုပိုင်ဆိုင်သည့်
လက်နက်သိုလှောင်ရုံ၊ လောင်ချာများနှင့် စစ်ရေးအခြေခံအဆောက်အအုံများ အပါအဝင် စစ်ဘက်ဆိုင်ရာ
ပစ်မှတ် ၅၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အိုင်ဒီအက်ဖ်က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် က အစ္စရေးနယ်စပ်တောင်ပိုင်းသို့
ဟားမားစ်တို့က ကျူးကျော်ဝင်ရောက်ခဲ့ ရာ အစ္စရေး ၁၂၀၀ သေဆုံးပြီး ဓားစားခံ ၂၅၀ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။
အဆိုပါ လုပ်ရပ်ကို လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသသို့ ကြီးမားသည့်
ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။
အစ္စရေး-ဟားမားစ်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသ
မြောက်ပိုင်း၌ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁၇ ရက်အထိ ပါလက်စတိုင်းသေဆုံးသူပေါင်း
၄၂၄၃၈ ဦးအထိ ရှိပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။
ကိုးကား-ဆင်ဟွာ


No comments