မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးက လူငယ်တွေအတွက် သင်ယူစရာအများကြီးလို့ မြင်ပါတယ် ဒီလိုနည်းနဲ့ သမီးတို့က ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ရှာတွေ့ကြမှာမဟုတ်လား (မဆုရတီထက်)
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်တွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဦးတင်သန်းဝင်း
သယံဇာတရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး
(၂၅) ကြိမ်မြောက် ငွေရတု ပြိုင်ပွဲကြီးအတွက်
၂၀၂၄ ခုနှစ် မေလလောက်ကတည်းက စုဖွဲ့ခဲ့ပါတယ်။
ဇူလိုင်လကစပြီး အဆင့်ဆင့်ပြိုင်ပွဲတွေကျင်းပပြီး နိုင်ငံတော်အဆင့် ပြိုင်ပွဲအတွက်
လက်ရွေးစင်တွေကို ရွေးချယ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အားလုံးကလည်း လေ့ကျင့်မှုကောင်းတယ်။
တချို့ ဆို နှစ်ပေါက် (၂၄) ကြိမ်မြောက် ပြိုင်ပွဲပြီးကတည်းက လေ့ကျင့်ကြတဲ့သူတွေရှိတယ်။
နည်းစနစ် မှန်အောင်လည်း သမ္ဘာရင့်ဝါရင့် ပညာရှင်ကြီးတွေက အနီးကပ်လေ့ကျင့်ပြင်ဆင်ပေးခဲ့ပါတယ်။
ဒီနှစ်မှာ ပြိုင်ပွဲဝင်အင်အား ၂၅၀ ကျော်နဲ့ ပြိုင်ပွဲဘာသာရပ် ၈၉ ခု ယှဉ်ပြိုင်နိုင်တဲ့အတွက်
အခုနှစ်မှာ အားအကောင်းဆုံး ယှဉ်ပြိုင်တဲ့နှစ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့
ရွက်ပုန်းသီး ပြိုင်ပွဲဝင်တွေ ဖော်ထုတ်နိုင်ဖို့အတွက် ဟိုးအရင်ယှဉ်ပြိုင်ခဲ့ကြတဲ့ သူတွေကနေတစ်ဆင့်
ဆက်သွယ်ပြီးတော့ ရွေးချယ်ဖော်ထုတ်ခဲ့ရတယ်။ အချို့ဆို နယ်မြေဒေသမငြိမ်းချမ်းတဲ့ နေရာတွေကနေလာပြီး
ပြိုင်ရတဲ့သူတွေရှိတယ်။ သူတို့တွေက အခုကဗဟိုအဆင့်ထိရောက်အောင် ခက်ခက်ခဲခဲနဲ့ လာရောက်ယှဉ်ပြိုင်နိုင်ကြတဲ့အတွက်
အတော်လေးကို ချီးကျူး စရာကောင်းပါတယ်။ တို့နိုင်ငံရဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှု
သုခုမဂီတအနုပညာတွေဟာ အမျိုးသား တစ်ရပ်လုံးအတွက် အသက်တစ်မျှအရေးကြီးတယ်။ ရိုးရာယဉ်ကျေးမှုပျောက်ရင်
လူမျိုး ပါပျောက်တယ်ဆိုတဲ့ အစဉ်အလာရှိတယ်။ တို့က ဒါကြောင့် လူမျိုးလည်း အပျောက်မခံနိုင်ဘူး။
နိုင်ငံလည်း အပျောက်မခံနိုင်ဘူး။ တို့ရဲ့မြေပုံလည်း အပျက်မခံနိုင်ဘူး။ အဲဒီအတွက် တို့ရဲ့အမျိုးသားရေးစိတ်ဓာတ်တွေ
ခိုင်မာနေဖို့လိုတယ်။ တို့အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တွေကို တွန်းအားပေးနေတာက
ရိုးရာယဉ်ကျေးမှုဂီတအနုပညာ အမွေအနှစ်တွေပဲ။ အဲဒါတွေရှိနေလို့ တို့နိုင်ငံတည်ရှိနေတာ။
အဲဒါတွေ ခိုင်မြဲနေလို့ တို့လူမျိုးဆိုတာ ကမ္ဘာ့အလယ်မှာ ဝင့်ကြွားနိုင်တာ။ အဲဒါကြောင့်
တို့ရဲ့နိုင်ငံ၊ တို့လူမျိုး၊ တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေ မပျောက်အောင် နိုင်ငံတော်အစိုးရကနေ
ဒီလိုပွဲကြီးတွေဖြစ်အောင် လုပ်ပေးနေတာ။ ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ
ဦးတည်ချက်တွေ အထမြောက်အောင် အခက်အခဲတွေကြားထဲကနေဖြစ်အောင် လုပ်နေတယ်။ အောင်မြင်မှုတွေရတယ်။
ဒါကြောင့် ဂုဏ်ယူတယ်၊ မြတ်နိုးတယ်။ ရိုးရာယဉ်ကျေးမှု ဂီတအနုပညာ အမွေအနှစ်တွေဟာ တို့အတွက်
အသက်သွေးကြောကြီးပဲ။ ဒီအသက်သွေးကြောကို ဘယ်တော့မှ တိမ်ကောပပျောက်သွားတာ မခံနိုင်ဘူး။
ဒါတွေကို လက်ဆင့်ကမ်းဖော်ထုတ်ပြီး အနုပညာကို ချစ်ကြတဲ့ ပြည်သူတွေအားလုံး တက်ညီလက်ညီနဲ့
ဆင်နွှဲနေကြပါတယ်။
ဦးကျော်ကျော်လင်း(ခ) ပတ္တမြားကုလား
(မွန်ပြည်နယ်)
ဝါသနာရှင်(ဒုတိယတန်း)၊ ပလွေပြိုင်ပွဲ
ကျွန်တော်ကတော့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို
(၉)ကြိမ်မြောက်ကတည်းကစပြီး တစ်နှစ်မှမပျက်ဘဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ မနှစ်က ပြိုင်ပွဲမှာလည်း
ဆိုင်းတစ်ဦးချင်းနဲ့ နှဲ ရွှေရတယ်။ ဆိုင်းဝိုင်း၊ ပလွေ၊ နှဲ၊ အိုးစည်၊ ဒိုးပတ်၊ ပတ္တလား
အတီးပြိုင်ပွဲ အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆု ၁၀ ခု၊ ငွေတံဆိပ်ဆု
၁၅ ခု၊ ကြေးတံဆိပ်ဆုငါးခု ရရှိဖူးပါတယ်။ ဒီနေ့ယှဉ်ပြိုင်ရတာတော့ စိတ်လှုပ်ရှားတယ်။
အခုက ပလွေတို့၊ နှဲတို့ တီးမှုတ်တတ်တဲ့ သူဆိုတာ ရှားတယ်။ မျိုးဆက်သစ်တွေအနေနဲ့ ရှားပါးတဲ့အရာကို
လိုက်စားစေချင်တယ်။ ဆက်ပြီးတော့ ထိန်းသိမ်းစေချင်တယ်။ ကိုယ်တိုင်လည်း သင်ပေးနေပါတယ်။
ဆိုင်း၊ နှဲ၊ ပလွေ တပည့်တွေ အများကြီး မွေးထုတ်ပေးထားပါတယ်။ ပြိုင်ပွဲတွေတစ်လျှောက်လုံး
ယှဉ်ပြိုင်ခဲ့တဲ့အခါ ပညာတွေက တစ်နှစ်ထက်တစ်နှစ် မတူဘူး။ အကဲဖြတ်ပညာရှင်တွေကလည်း ဘယ်နေရာ
ဘာလိုတယ်၊ ဘယ်လို လုပ်ရမယ်ဆိုတာ သင်ကြားပေး တဲ့အတွက် အသိပညာတွေ ပိုပိုတိုးလာတယ်။ နိုင်ငံတော်က
အခုလို အနုပညာတွေဖော်ထုတ်ပေးတဲ့အတွက်လည်း အထူး ကျေးဇူးတင်ပါတယ်။
မောင်စိုးမိုးသူ (မန္တလေးတိုင်းဒေသကြီး)
ဝါသနာရှင်(ပထမတန်း) ၊ အရေးပြိုင်ပွဲ
တိုင်းဒေသကြီးအဆင့်မှာ အကောင်းဆုံးကြိုးစားပြီးယှဉ်ပြိုင်ခဲ့သလို
ဗဟိုအဆင့် (၂၅) ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ မြန်မာ့ရိုးရာအမွေ
အလှတိုးဖြာစေဆိုတဲ့ ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနေ့ကအရေးပြန်ဆိုယှဉ်ပြိုင်ရတာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲကြီးက ထူးလည်း ထူးခြားပါတယ်။ ငွေရတုနှစ်ဖြစ်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ရတာ
ဂုဏ်ယူမိပါတယ်။ ငွေရတုပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆုရအောင် စာပေဖတ်ရှုလေ့လာထားတဲ့ အတွေ့အကြုံတွေနဲ့
အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ထားပါတယ်။ (၂၃) ကြိမ်မြောက်မှာ နှစ်သိမ့်ဆုရရှိခဲ့ပြီး
(၂၄) ကြိမ်မြောက်မှာတော့ ဆုတွေနဲ့ လွဲချော်ခဲ့ပါတယ်။ အရင်အကြိမ်တွေမှာ ယှဉ်ပြိုင်ခဲ့တဲ့အားနည်းချက်၊
အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ အခုလို ငွေရတုမှသည် ရတုအဆက်ဆက်
ကျင်းပပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပြိုင်ပွဲကြီးကျင်းပပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့
တာဝန်ရှိသူ အားလုံးကို ကျေးဇူးအထူးတင်ရှိ ပါတယ်ခင်ဗျာ။
မောင်ဇွဲထက်မြက် (မကွေးတိုင်းဒေသကြီး)
ဝါသနာရှင် (ပထမတန်း)၊ အကပြိုင်ပွဲ
ဝါသနာရှင်ပထမတန်း အကပြိုင်ပွဲမှာ ဒီနှစ်တော့
ဆုမျှော်မှန်းပါတယ်။ မနှစ်ကတည်းက ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်တော်က ပန်တျာကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး
ဒီကြားထဲမှာ ကိုဗစ်ကပ် ရောဂါကြောင့် မြန်မာအကနဲ့ အဆက်နည်းနည်းပြတ်ခဲ့ရတယ်။ အခုနောက်ပိုင်း
လူငယ်တွေ ပိုပြီး လုပ်နိုင်လာတာ တွေ့ရတယ်။ အကနည်းစနစ်တွေလည်း ပိုပြီးဆန်းသစ်လာတယ်။
ကျွန်တော်တို့ထက် ပိုပြီးတော်တဲ့ကလေးတွေလည်း တွေ့ရတယ်။ အရင်နှစ်က ရာမာယဏ ဇာတ်တော်ကြီးမှာလည်း
ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ မြန်မာအကပေါ်မှာ ဝါသနာထုံလွန်း အားကြီးလို့ မစွန့်လွှတ်နိုင်တဲ့သူတွေထဲမှာ
ကျွန်တော်လည်း ပါဝင်ပါတယ်။
ကျော်ဘုန်းခန့် (ရှမ်းပြည်နယ်)
အခြေခံပညာ(အသက် ၁၀ - ၁၅) အကပြိုင်ပွဲ
သားက ပြိုင်ဖို့အဆင်သင့်ဖြစ်နေပြီ။
စိတ်တော့လှုပ်ရှားပါတယ်။ ကြောက်တော့ မကြောက်ပါဘူး။ အရင်နှစ်ကလည်း ပြိုင်ဖူးပါတယ်။ ပြည်နယ်အဆင့်မှာပါ
ဒုတိယရခဲ့ပါတယ်။ အခုတော့ ဗဟိုအဆင့်ကို ရောက်လာတာပါ။ သားက အလက (၁) လွိုင်လင်မြို့မှာ
Grade - 4 တက်နေပါတယ်။ သားက အသက် ၈ နှစ်မှာစပြီး အကသင်တာ။ အခုက ၉ နှစ် ကျော်ဆိုတော့
တစ်နှစ်ကျော်က လာခဲ့တာပါ။ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်ခင်ဗျ။ နေပြည်တော်ကို
လာပြိုင်ရတာ ပျော်လည်းပျော်တယ်။ လာရတဲ့ရက်က အကြာကြီးဆိုတော့ တစ်ခါတလေကျတော့ ပြန်ချင်ပြီ။
ဒီပြိုင်ပွဲကြီးကို သဘောကျပါတယ်။ သားတို့စင်ပေါ်မှာ ကခွင့်ရတယ်။
မဆုရတီထက် (ကရင်ပြည်နယ်)
အခြေခံပညာ (အသက်၁၀- ၁၅)၊ အဆို(ခေတ်ဟောင်းကာလပေါ်)
ဒီနေ့က သမီးတို့ ပြည်နယ်အတွက် လာအားပေးတာပါ။
သမီးက အောက်တိုဘာ ၁၄ ဖွင့်ပွဲ ရက်ကတည်းက ပြိုင်ပြီးသွားပါပြီ။ မြန်မာ့ဂီတလှပဝေဆာဆိုတဲ့
ခေတ်ဟောင်းကာလပေါ်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ အကောင်းဆုံး၊ အားအရဆုံး သီဆိုခဲ့ပါတယ်။ မနှစ်က
ပြိုင်ခဲ့ပေမယ့် ဗဟိုအဆင့် ကို မရောက်ခဲ့ဘူး။ သမီးက မြိုင်ကလေးမြို့နယ်ကပါ။ အသက်သုံးနှစ်ကတည်းက
အဆိုဝါသနာ ပါတယ်။ မြန်မာသံကိုလည်း ကြိုက်သလို အနောက်တိုင်းဂီတတို့၊ ကေပေါ့ပ်တို့လည်းဆိုရတာ
ကြိုက်ပါတယ်။ မြန်မာ့ဂီတကိုတော့ ကိုယ့်ယဉ်ကျေးမှုဆိုတော့ ပိုပြီးကြိုက်သလို တန်ဖိုးထားပါတယ်။
သမီးရဲ့ လက်ဦးဆရာက အမေပါ။ နောက်ကျတော့ ကျောင်းကနေ ဘုံဆရာအနေနဲ့ ဆရာဦးအောင်သူကို ငှားပေးပါတယ်။
မေမေနဲ့ ဆရာအောင်သူတို့၊ ဆရာမ ဒေါ်သီတာသိန်းတို့က သင်ပေးတယ်။ ဒီရောက်လာတော့ သမီးတို့ကို
အဘွားထား (အကဲဖြတ် ပညာရှင်) က လိုနေတဲ့ နေရာလေးတွေကို သင်ပြပေးတယ်။ အဓိက ကတော့ အဘွားထားက
သီဆိုဟန်၊ အရှိုက်အဟဲတွေ သင်ပြပေးပါတယ်။ မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးက လူငယ်တွေအတွက်
သင်ယူစရာအများကြီးလို့ မြင်ပါတယ်။ အားလုံးကို ပြိုင်စေချင်တယ်။ ဒီလို သီချင်းတွေဆိုရင်
တိုင်းပြည်ကို ပိုချစ်မယ်။ မြန်မာအကကရင် မြန်မာ့အကကို တန်ဖိုးထားလာမယ်။ ဒီလိုနည်းနဲ့
သမီးတို့က ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ရှာတွေ့ကြမှာမဟုတ်လား။ ဒါကြောင့် အားလုံးကို အဆို၊
အက၊ အရေး၊ အတီး ကိုယ်နဲ့သင့်တော် မယ့် အနုပညာနဲ့ ပါဝင်စေချင် ပါတယ်။
မယဉ်မွန်ကျော် (ကချင်ပြည်နယ်)
အခြေခံပညာ (အသက် ၁၀- ၁၅)၊ အကပြိုင်ပွဲ
ကျွန်မက နှစ်လလောက် အကလေ့ကျင့်ထားပါတယ်။
အကအပေါ်မှာလည်း အားရကျေနပ်မှု ရှိပါတယ်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အမက လေသာကုန်းမှာ
Grade - 5 တက်ရောက် ပညာသင်ကြား နေပါတယ်။ မြန်မာအကကိုတော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပြီး
အခုလို ဗဟိုအဆင့်အထိ ပါဝင်ခွင့်ရတာ အလွန်ဝမ်းသာပါတယ်။ လာရတာဝေးတဲ့အတွက်ရော၊ အခြားပြည်နယ်တိုင်းက
ပြိုင်ပွဲဝင်တွေကို မြင်ရတွေ့ရခင်ခွင့်ရတဲ့အတွက်ရော ကျေးဇူးလည်း တင်ပါတယ်။ သမီး အစတုန်းကတော့
အကအကြောင်း ဘာမှသိပ်မသိပါဘူး။ အခုလေ့ကျင့်ရင်းမှာ မြန်မာအက ဘယ်လောက်ခက်သလဲဆိုတာ ပိုပြီးသိလာရပါတယ်။
ဒါပေမယ့် သမီးတို့ ပင်ပင်ပန်းပန်း လေ့ကျင့်ပြီး အခုလိုယှဉ်ပြိုင်ကြတာကို အားလုံးက အားပေးကြ၊
လက်ခုပ်တွေတီးကြတော့ အမောပြေရပါတယ်ရှင့်။ နောက်နှစ်တွေလည်း ဆက်လက်ယှဉ်ပြိုင်သွားဖို့ရှိပြီး
မြန်မာအကကိုလည်း အမြဲလေးစား တန်ဖိုးထားပါ့မယ်။
တွေ့ဆုံမေးမြန်း
ခင်ရတနာ၊ ဇင်ဦး၊ နွဲ့မွန်
ဓာတ်ပုံ- တင်စိုး၊ ဟိန်းထက်ဇော်







No comments