နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ မဟာဇနက ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး



နေပြည်တော် အောက်တိုဘာ  ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး သည်။


အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအကိုမောင်နှမများ၊ နေပြည်တော်သို့လေ့လာရေးခရီး ရောက်ရှိနေသည့် ဗိုလ်လောင်းများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ် ကိုယ်စားပြုမင်းနိုင်စိုးဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနကဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှ များနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။


ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အကဲဖြတ် ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီးပြိုင်ပွဲ၏  “မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု မဟာဧရာဇာတ်တော်ကြီးအဖွဲ့က လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုဖန်ခါးမြေဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ ယနေ့တွင် မွန်ပြည်နယ်ကိုယ်စားပြု မင်းနိုင်စိုး ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲ့များက သတ်မှတ်ရက်များအလိုက် ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.