မိုးယွန်းကြီးအင်းအတွင်း၌ ငါးမျိုးစိတ်နှစ်မျိုးအား မှတ်တမ်းအသစ်တင်နိုင်ခဲ့



ရန်ကုန် ၊ အောက်တိုဘာ ၁၁

ရန်ကုန်မြို့နှင့်အနီးဆုံးတွင်တည်ရှိပြီး ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်တည်ရှိသည့် ရေပျော်ငှက်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားရာ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ငါးမျိုးစိတ် ၄၆ မျိုး ရှင်သန်ကျက်စားလျက်ရှိပြီး ပြီးခဲ့သည့်လအတွင်း ငွေရောင်ငါးကြင်းနှင့် ငါးတန်မျိုးစိတ်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ သိရသည်။


အဆိုပါ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ကမ္ဘာပေါ်၌ မျိုးသုန်းရန်အန္တရာယ်နှင့်ရင် ဆိုင်နေရသည့် ငါးဘတ်မျိုးစိတ်နှင့် ငါးနုသန်း မျိုးစိတ်နှစ်မျိုးလည်း ရှင်သန်ကျက်စားလျက်ရှိပြီး သုံးလတစ်ကြိမ် မျိုးစိတ်များ မှတ်တမ်းတင်ချိန်တွင် စက်တင်ဘာလ ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ငွေရောင်ငါးကြင်းနှင့် ငါးတန်မျိုးစိတ်နှစ်မျိုးကို မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။


ငါးသယံဇာတရေရှည်ဖွံ့ဖြိုးမှုနှင့် ဒေသခံတို့၏ လူမှုစီးပွားကိုအထောက်အကူဖြစ်စေရန် နှစ်စဉ် ငါးလုပ်ငန်းဦးစီးဌာနမှ မိုးယွန်းကြီးအင်းအတွင်းသို့ ငါးရံ့၊ ငါးဖားမ၊ ငါးပြေမ၊ ငါးခုံးမ စသည့် တိုင်းရင်းငါးမျိုးစိတ်များကိုမျိုးစိုက်ထည့်ပေး၍ ငါးသယံဇာတ ရေရှည်တည်တံ့စေရန် ဆောင်ရွက် လျက်ရှိပြီး ဒေသမျိုးရင်းနှင့်မျိုးသုန်းရန်ရင်ဆိုင်နေရသည့် ငါးမျိုးစိတ်များကိုလည်း မှတ်တမ်းတင် လျက်ရှိသည်။


မိုးယွန်းကြီးအင်း ‌တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အဓိကအားဖြင့် ဆောင်းခိုငှက်များကျက်စားရာ ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် (Ramsar Site) ဖွဲ့စည်းထားသော ဒေသတစ်ခုဖြစ်ပြီး ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်များ ရှင်သန်ကျက်စားခြင်းသည် ရေသယံဇာတကြွယ်ဝမှုနှင့် မူရင်းဒေသ ကောင်းမွန်မှုကြောင့် ဝင်‌ရောက်ကျက်စားခြင်းဖြစ်၍ ငါးမျိုးစိတ်များ ရေရှည်တည်တံ့ ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရေတိမ်ဒေသဂေဟစနစ်တည်တံ့မှုကိုအကျိုးပြုခြင်း၊ သုတေသနလုပ် ငန်းကို အကျိုးပြုခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုကို အထောက်အပံ့ပြုခြင်းနှင့် သဘာဝအခြေခံခရီး သွားလုပ်ငန်း(Ecotourism Site)ကိုလည်း အကျိုးပြုလျက်ရှိသည်။


“မူလမိုးယွန်းကြီးအင်းမှာ ငါးမျိုးစိတ် ၄၆ မျိုးရှိပါတယ်။ မကြာသေးမီက ငါးမျိုးစိတ် နှစ်မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မိုးယွန်းကြီးအင်းမှာ ကမ္ဘာ့ပေါ်မှာ မျိုးသုန်းဖို့ အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ရှားပါးငါးမျိုးစိတ်ဖြစ်တဲ့ ငါးဘတ်နဲ့ ငါးနုသန်းမျိုးစိတ်နှစ်မျိုးလည်း ရှင်သန်နေပါတယ်။ မှတ်တမ်း အသစ်တွေ့ရှိတဲ့ ငွေရောင်ငါးကြင်းနဲ့ ငါးတန်နှစ်မျိုးနဲ့ ဆိုရင် မိုးယွန်းကြီးအင်းမှာ ငါးမျိုးစိတ် ၄၈ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါပြီ”ဟု မိုးယွန်းကြီး အင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောသည်။


မှတ်တမ်းအသစ်တင်ခဲ့သည့် ငါးတန်မျိုးစိတ်သည် စစ်တောင်းမြစ်‌‌ရေပြည့်ရေလျှံ ဖြစ်ပေါ်ချိန်တွင် ရေချိုအင်းအတွင်းသို့ ဝင်ရောက်လာသော မျိုးစိတ်တစ်မျိုးဖြစ်ပြီး ပြည်ပပို့ ကုန်ငါးမျိုးစိတ်လည်း ဖြစ်သည်။ ထို့နည်းတူ ငွေရောင်ငါးကြင်းသည်လည်း ပြည်တွင်းဈေးကွက်ဝင် ရေထွက်ကုန်ဖြစ်သည်။ မိုးယွန်းကြီးအင်းသည် စတုရန်းမိုင် ၄၀ ဧက ၂၅၆၀၀ ကျယ်ဝန်းပြီး ငှက်မျိုးစိတ် ၁၈၉ မျိုးနှင့် ငါးမျိုးစိတ် ၄၆ မျိုး ရှင်သန်ကျက် စားလျက်ရှိရာ ယခုလပိုင်းအတွင်း မျိုးစိတ်နှစ်မျိုးတွေ့ရှိမှုဖြင့် ငါးမျိုးစိတ် ၄၈ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မိုးယွန်းကြီးအင်း

- ညိမ်းသူ(သတင်းစဉ်)

No comments

Powered by Blogger.