ခေတ်မီ ဒီဇယ်လျှပ်စစ်(DEMU) ရထားတွဲဆိုင်းများဖြင့် အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူးနှင့် (၁၆)အစုန် ပဲခူး-ရန်ကုန် ပြေးဆွဲပေးမှု ခရီးသည်စီးနင်းမှုများပြား



နေပြည်တော် အောက်တိုဘာ ၁၁


မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ရထား လမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆)အစုန်  စတင်ပြေးဆွဲခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက်က ကျင်းပပြီး စတင်ပြေးဆွဲလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိသည်။


ခရီးသည်စီးနင်းမှုအနေဖြင့် ပဲခူး-ရန်ကုန် ခရီးစဉ်တွင် နေ့စဉ်ပျမ်းမျှရထားစီးခရီးသည် ၈၀၀ ခန့် နှင့် ရန်ကုန်-ပဲခူး ခရီးစဉ်တွင် ပျမ်းမျှခရီးသည် ၇၀၀ ကျော်ခန့် လိုက်ပါစီးနင်းလျက်ရှိရာ အောက်တိုဘာ ၂ ရက်မှ ယနေ့အထိ (၁၀)ရက်အတွင်း ခရီးသည် စုစုပေါင်း ၁၄,၂၁၆ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။


အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရောက်ရှိပြီး အမှတ်(၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွားအလုပ်ပြန် အဆင်ပြေမှုရှိသည့်အပြင် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း(၁၂) ဘူတာတွင် ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါ စီးနင်းကြသူများအတွက်ပါ အဆင်ပြေမှုရှိသည်။ ထို့ပြင် DEMU ရထားတွဲဆိုင်းတွင်ခရီးသည် ရပ်စီး၊ ထိုင်စီး စုစုပေါင်း(၈၃၂)ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ၂၅၀၀ ကျပ်နှင့် ခရီးတစ်ဝက် လိုက်ပါစီးနင်းပါက ၁၃၀၀ ကျပ်နှုန်းသတ်မှတ်ထားမှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိသည်။


မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး ခေတ်နဲ့အညီ ခေတ်မီလူစီးတွဲများထုတ်လုပ်ခြင်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဘူတာရုံများ အဆင့်မြှင့် တင်ရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

(သတင်းစဉ်) 

No comments

Powered by Blogger.