မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ငွေရတုချိန်ခါမင်္ဂလာ

  


စန်းနီလာဝင်း

 

ဂီတစွမ်းအားပြည်ထွန်းကားဟူသောခံယူချက်ဖြင့် ဂီတအနုသုခုမခရီးလမ်းတွင် လျှောက်လှမ်းနေကြသည့် ဂီတအနုသုခမ ပညာရှင်တို့သည် ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ငွေရတုချိန်ခါ မင်္ဂလာကာလဖြစ်သောကြောင့် ပို၍ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဂုဏ်ယူ ဝမ်းမြောက်ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဂီတအနုသုခုမပုံရိပ်သည် ထိုနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို တိုင်းတာပြသသည့် ပြဒါးတိုင်သဖွယ်လည်းဖြစ်သည်။ မြန်မာ့ဂီတအနုသုခုမဟု ဆိုလိုက်သည်နှင့် “ကြည်ကြသည့် ဂီတ၊ ပီသသည့်အသံ၊ အံဝင်သည့်စာသား၊ ဂီတမှာအသံ၊ အလင်္ကာမှာ ကာရန် ဟူသော မြန်မာ့အဆို၊ အက၊ အရေး၊ အတီး ပညာတစ်ပါးလည်း ပါဝင်လာပါသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုပညာသည် ဖလှယ်ရေးကိရိယာ ဖြစ်သော်လည်း မိမိ၏အမျိုးသားမူ၊ အမျိုးသားဟန်၊ အမျိုးသားစံ၊ ကိုယ်ပိုင်အမျိုးသားစရိုက်လက္ခဏာကောင်းများပါရှိရစမြဲဖြစ်သည်။

 

မကြာသေးမီက အစည်းအဝေးတစ်ခုတွင် မဟာဂီတပညာရှင်တစ်ဦးဖြစ်သူ အမျိုးသားစာပေဆုရ ဆရာမ ရွှေကူနန်းနွဲ့နွဲ့နှင့် တွေ့ဆုံကြရင်း စကားလက်ဆုံကျခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ် လ ၁၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အကြိုအဖြစ် ဝိဇ္ဇာခန်းမကြီး၌ မြန်မာစာဌာနက ကြီးမှူးကျင်းပခဲ့သော “မြန်မာ့အလှဂီတရသ ဖော်ကျူးခြင်း ဟောပြောသရုပ်ပြပွဲကို ပြန်လည်အမှတ်ရနေမိသည်။ ထိုစဉ်က စာရေးသူသည် ဆရာတစ်ဦးဖြစ်ခဲ့သော ဦးခင်မောင်တင် (အနုပညာဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်) ၏ ဖိတ်ကြားချက်အရ ရောက်ခဲ့ခြင်းဖြစ်ပါသည်။

 

နိုင်ငံနှင့် ပြည်သူ့အကျိုးပြု ပုဂ္ဂိုလ်တို့သည် “အတိတ်သမိုင်းစဉ်” (Historical Process) ကို မှန်ကန်စွာ လေ့လာသုံးသပ်ပြီး “ပစ္စုပ္ပန်သမိုင်း၏လိုအပ်ချက်” (Historical Necessity) ကို ရပ်တည်ချက် မှန်ကန်စွာဖြင့် ဖြည့်ဆည်းနိုင်ရန် “သမိုင်းပေး တာဝန်” (Historical Duty)ကို ကျေပွန်စွာဖြင့် ထမ်းဆောင်ကြစမြဲဖြစ်ပါသည်။

 

စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့် အနုပညာရှင်တို့သည် မြန်မာ့ယဉ်ကျေးမှုအနုပညာကို အမွေဆက်ခံလျက် အရိုးကို အရွက်မဖုံးစေရန် သရုပ်မှန်အနုပညာဖြင့် စေတနာမှန်ကန်စွာ ဖော်ထုတ်တီထွင် တင်ဆက်ခြင်းသည် အနုပညာဆိုင်ရာသမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာရောက်သည်ဟု ခံယူကျင့်သုံး ဆောင်ရွက်ကြပါသည်။

 

တစ်ချိန်က မြန်မာ့အသံမှ မဟာဂီတသီချင်းကြီး သရုပ်ဖော်ဇာတ် တင်ဆက်ရာတွင် ဇာတ်ညွှန်းစာရေးဆရာ မောင်ကြည်နှင့် ဂီတသုတေသီသမိုင်း ပညာရှင်အလင်္ကာကျော်စွာ ဆရာစိန်ဗိုလ်တင့်၊ မဟာဂီတဂန္ထဝင် တေးသံရှင် ဆရာမ ဒေါ်သင်းသင်းမြတ်တို့၏ အသံလွှင့်တေးဂီတအနုပညာမှာ အလွန်အောင်မြင်ထင်ရှား ခဲ့သည်ကို အမှတ်ရနေမိသည်။

 

သမိုင်းကပြောပြနေသော မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာ

 

သရေခေတ္တရာဧကရာဇ် နိုင်ငံတော်ဖြစ်သော ပဒေသရာဇ်ခေတ်ကပင် အနုသုခုမသဘင်ပညာ ထွန်းကားခဲ့သည်။ ထိုစဉ်က အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့မှ တူရိယာများကို ပျူတို့သည် မိမိတို့မူပိုင် တူရိယာများနှင့် ပေါင်းစပ်တီးမှုတ်ခဲ့သည်။

 

ပုဂံခေတ်သို့ရောက်ရှိလာသောအခါ အနုသုခုမဂီတတူရိယာပစ္စည်းများမှာ ယခင်ကထက်ပိုမို များပြား လာခဲ့သည်။ သာဓကအားဖြင့် ပုဂံဘုရားများ၏ နံရံဆေးရေးပန်းချီပုံများတွင် နန်းတွင်း ကချေသည်များနှင့် တူရိယာပစ္စည်းများကို မြင်တွေ့ရသကဲ့သို့ ပုဂံခေတ်ကရေးထိုးထားခဲ့သော ကျောက်စာ အချို့၌လည်း ထိုခေတ်သုခုမအနုပညာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရေးထိုးမှတ်တမ်းတင်ထားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

 

ပင်းယခေတ်၌ ‘ကာချင်း’ များ ခေတ်စားခဲ့သည်၊ ကာချင်းမှာ စစ်သီချင်းဖြစ်ပြီး ကာချင်းအကမှာ “စစ်ရေးပြအက” ပင်ဖြစ်သည်။ မြန်မာပြာသိုလတိုင်းတွင် နန်းတော်ရှေ့၌ ကာရေးသဘင်၊ မြင်းခင်းသဘင်ပွဲများ ကျင်းပလေ့ရှိခဲ့သည်။

 

ကုန်းဘောင်ခေတ်သို့ရောက်သောအခါ မြင်းခင်း (၃၇) ချင်းနှင့် အဲမောင်းလှံရေး (၃၇) ချင်းတို့ကို ခင်းကျင်းပြသသော မြင်းခင်းသဘင်ပွဲကို တခမ်းတနားကျင်းပခဲ့ကြသည်။ ကာချင်းမှာ အနုသုခုမသဘင်နှင့် နှီးနွှယ်နေပြီး သူရဲကောင်းစစ်သည်တော်များကို ရဲစိတ်ရဲမာန်၊ အမျိုးသားစိတ်၊ အမျိုးသားမာန်တို့ကို နိုးကြားတက်ကြွစေသည်။

 

ညောင်ရမ်းခေတ်တွင် စတင်တီထွင်ခဲ့သော “အိုင်ချင်း” များသည် ရပ်ရွာဓလေ့ကျေးလက်ရွာသူ ရွာသားများ၏ ဓလေ့စရိုက်နှင့် လူနေမှုဘဝကို အနီးစပ်ဆုံးသရုပ်ဖော်တင်ဆက်ခဲ့သော တေးဂီတ အနုသုခုမပညာတစ်ရပ်ပင် ဖြစ်သည်။ ညောင်ရမ်းခေတ်၌ ခေတ်ပြောင်းဂီတစာဆို ဝန်ကြီးပဒေသရာဇာသည် “မဏိကက်ပြဇာတ်” အမည်ရှိ နန်းတွင်းပြဇာတ်ကို စတင်ရေးသားတင်ဆက်ကပြခဲ့ရာ ထိုနန်းတွင်းပြဇာတ်သည်ပင် မြန်မာ့ပြဇာတ်သဘင်၏ အရုဏ်ဦးမီးရှူးတန်ဆောင်ဟု ဆိုနိုင်ပါသည်။ ထိုမဏိကက်ပြဇာတ်သည် ဇာတ်သဘင်အနုပညာရှင်တို့၏ အဆို၊ အငို၊ အပြော၊ ဟာသ စသည့် ဇာတ်ဝင်ခန်းများမှာ သင်ခန်းစာရယူဖွယ် ကပြသရုပ်ဖော်ခဲ့ခြင်းကြောင့် မဏိကက်နန်းတွင်းပြဇာတ်သည် စံပြုထိုက်သည့် သရုပ်မှန်အနုပညာတစ်ရပ်အဖြစ် အနုသုခုမသမိုင်းတွင် မော်ကွန်းတင်ခဲ့ခြင်းဖြစ်သည်။ ထိုမဏိကက်ပြဇာတ်ကို ပြဇာတ်စာပေအဖြစ် မဟာဂီတပညာရှင် အမျိုးသားစာပေဆုရ ဆရာမရွှေကူနန်းနွဲ့နွဲ့က ရသပြောင်မြောက်စွာ ဖန်တီးထုတ်ဝေခဲ့သည်ကို ဂုဏ်ယူ အားရဖွယ် လေ့လာတွေ့ရှိရသည်။

 

ပဒေသရာဇ်ခေတ် အုပ်ချုပ်သူမင်းများ၏ အနုသုခုမပညာနှင့် ပညာရှင်များကို ဦးဆောင်အားပေးကြီးကြပ်မှု

 

ပဒေသရာဇ်တစ်လျှောက်လုံး မြန်မာဘုရင်တို့သည် အနုသုခုမဂီတပညာကို အထူးအားပေးချီးမြှင့် ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ဂီတအနုသုခုမပညာဖြင့် စည်းရုံးပညာပေး ဆွဲဆောင်ခြင်းသည် လူထုလူတန်းစားများ အပေါ် အထူးသြဇာလွှမ်းမိုးနိုင်မှုနှင့်စပ်လျဉ်း၍ မြန်မာဘုရင်များကိုယ်တိုင် သိမြင်ခံယူခဲ့ကြသည်။ ကုန်းဘောင်ခေတ်တွင် နန်းတွင်းပြဇာတ်များ ခေတ်စားလာခဲ့ရာ ‘အက ပြဇာတ်၊ ‘အဆိုပြဇာတ်၊ ‘အဆိုအပြောဇာတ်ဟူ၍ ရှိလာခဲ့သည်။ သာဓကအားဖြင့် ရာမလေးတင် သမင်လိုက်ခန်းမှာ အကပြဇာတ် ဖြစ်ပြီး ဥမ္မာဒန္တီ၊ ကုသပြဇာတ်တို့မှာ အဆိုပြဇာတ်ဖြစ်သည်။ ပသျှူးရာမလိုက်ခန်းမှာ အဆို၊ အပြော၊ အကပြဇာတ်တို့ ဖြစ်သည်ကို တွေ့ရသည်။

 

ကုန်းဘောင်ခေတ်တွင် နန်းတွင်းပြဇာတ်ရှည်ကြီးများကို တစ်ညတည်းနှင့်အပြီး ကပြနိုင်ရန် တီထွင်ခဲ့သည့် ပုဂ္ဂိုလ်မှာ ပြဇာတ်ဆရာကြီး ဦးကြင်ဥ (၁၇၇၃-၁၈၉၀) ပင်ဖြစ်သည်။ ဆရာကြီး ဦးကြင်ဥ နှင့် ဆရာကြီး စလေဦးပုည (၁၈၁၂-၁၈၆၃) တို့သည် ပြဇာတ်ခေတ် တစ်ခေတ်ဖြစ်လာအောင် တီထွင်ဖန်တီး တင်ဆက်ခဲ့ကြသည့် စာပေအနုပညာရှင်ကြီးများဖြစ်ခဲ့သည်။ ရှေးရာမဇာတ်တော်ကြီးကို ရက်ပေါင်း ၅၀ ကျော်၊ အီနောင်ဇာတ်တော်ကြီးကို ရက်ပေါင်း ၄၀ ကျော် ကပြခဲ့ကြသည်။ ဆရာကြီး ဦးကြင်ဥနှင့် ဆရာကြီး ဦးပုညတို့က တစ်ညတည်းနှင့် ရသမြောက်စွာ တင်ဆက်ကပြနိုင်ခဲ့ကြသည်မှာ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။

 

ဘုရင်များကိုယ်တိုင် အနုသုခုမသဘင်ကို အလေးအနက်ထား၍ လေ့လာကြည့်ရှုခံစားခဲ့ကြသည်။ သာဓကအားဖြင့် ဝန်ကြီးများလွှတ်တော်တက်သည့် ဇာတ်မျိုးတွင် ဇာတ်လမ်းဇာတ်ကွက် သရုပ်ဖော်တင်ဆက်မှု အသေးစိတ်ကို ကြည့်ရှုနားစိုက် သောတဆင်ခဲ့ကြရသည်။ ဇာတ်ဝင်ခန်းများတွင် ဝန်ကြီးများအဖြစ် သရုပ်ဆောင်သည့် အနုပညာရှင်များက ရာဇသတ်၊ ဓမ္မသတ်အုပ်ချုပ်ရေးဆိုင်ရာ ကျမ်းစာပေများကို ရွတ်ဆိုကြသောအခါ အုပ်စိုးသူဘုရင်နှင့် မှူးမတ်များက အထူးဂရုစိုက်သောတဆင်ကြရသည်။ ဘုရင့်ညီလာခံ သရုပ်ဖော်ဇာတ်ဝင်ခန်းတွင် ဝန်ကြီးများ၊ အမတ်များ ဆွေးနွေးပုံမှာ စာပေကျမ်းဂန်များမှ အနှစ်သာရများစွာ ပါရှိသဖြင့် ဝန်ကြီးများကိုယ်တိုင် ဝန်ကြီးအဖြစ်သရုပ်ဆောင်ကြသည့် အနုပညာရှင်များထံမှ စာပေ အနှစ်သာရများကို သွားရောက်ကူးယူမှတ်သားကြရသည်ဟု သဘင်ဝန်ဦးနု၏ သဘင်မှတ်တမ်းစာများတွင် လေ့လာတွေ့ရှိ ရသည်။

 

ထို့ကြောင့် ကုန်းဘောင်ခေတ်က စာပေဂီတ အနုသုခုမသဘင်တို့သည် တိုင်းရေးပြည်ရေး၊ အုပ်ချုပ်ရေး၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းသာယာရေး စသည်တို့ကို ဘုရင်ကြားသိစေရန် တင်ပြလျှောက်ထား သတိပေးအစီရင်ခံသည့်သဘော သက်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ဖြေဖျော်ရေးတစ်ခုတည်း သက်သက် လုံးဝမဟုတ်ဘဲ တိုင်းကျိုးပြည်ပြု၊ ပြည်သူ့အကျိုးပြု အနုပညာအဖြစ် ရပ်တည်နိုင်ခဲ့သည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့မြင်ရပါသည်။ သာဓကအားဖြင့် လွတ်လပ်ရေးရပြီးခေတ်တွင် သဘင်အကျော်အမော် ပညာရှင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ဗုဒ္ဓဝင်ဇာတ်များ၏ ဇာတ်ဝင်ခန်းအသီးသီး၌ ဇာတ်စာပေများကို ခရားရေလွှတ် တတွတ်တွတ် နှုတ်တိုက်ရွတ်ဆိုပြသွားသည့် အသံသရုပ်ဆောင်ပုံတို့မှာ သုတရော ရသပါ နားဝင်ပီယံရှိသကဲ့သို့ ဖြစ်ပါသည်။

 

တိုင်းကျိုးပြည်ပြုနှင့် ပြည်သူ့အကျိုးပြုအနုပညာ

 

အမျိုးသားရိုးရာယဉ်ကျေးမှုဟူသည် လူမျိုးတိုင်း၏ နှလုံးသည်းပွတ်ပင်ဖြစ်သည်။ လူသားသည်မည်၍ မည်မျှခွန်အားဗလ ကောင်းနေစေကာမူ နှလုံးသည်းပွတ် ချို့ယွင်းနေပါက အသက်ရှင်သန်နေနိုင်မည် မဟုတ်ပါ။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၌ မည်မျှပင် သယံဇာတကြွယ်ဝစေကာမူ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေလျှင် လူမျိုးပါတိမ်ကောပျောက်ကွယ်သွားစေနိုင်သည်။  

No comments

Powered by Blogger.